စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ကို စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင်း နေအိမ် ၈ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ကို စစ်ကောင်စီက ညနေ ၇ နာရီအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၈ လုံးထပ်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ တောင်ကုတ်မြို့က စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့ညက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းမှာ မီးလောင်မှုဖြစ်တယ်လို့တော့ သိထားရတယ်။ ကံပိုင်ရပ်ကွက်က အိမ်တွေလို့တော့ ကျနော်တို့လည်း ကြားထားရတယ်။ ဘယ်သူ့ အိမ်တွေဆိုတာတော့ အတိအကျမသိရသေးဘူး။ အဓိကတော့ သံတွဲထွက် လမ်းခွဆုံကို ဗုံးကြဲသွားတာလို့ သိရတယ်။ မြို့တွင်းမှာက ဘယ်သူမှလည်း မရှိဘူး။ ဒီအတိုင်းကို တမင်လာပြီးတော့ ပြည်သူပိုင် အိုးအိမ်တွေကို လာဖျက်ဆီးနေတာ။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း ကံပိုင်ရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်းတခုနဲ့ နေအိမ် ၁၅ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း တောင်ကုတ်မြို့မဈေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၅၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။
တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၂၄ ရက်နေ့ကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က တောင်ကုတ်အပါဝင်၊ အမ်း၊ ဂွမြို့နယ်တို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီးတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ရေကြောင်းကို အဓိကထား ခုခံနေတယ်လို့ သိရပါတယ်။
ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၂ ခုအထိ သိမ်းပိုက်ထားပြီဖြစ်ပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့လောက်သာ ထိန်းချုပ်ထားနိုင်ပါတယ်။