ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင်ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၅၀ နီးပါး ထွက်ပြေးသွားပြီး ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းတပ်သားတွေဟာ ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ပုသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အနီးဇင်ပြွန်ကုန်းကျေးရွာ အုပ်စု၊ တောင်ယာကုန်း ကျေးရွာဘက်ကို ထွက်ပြေးတဲ့ ၁၆ ယောက် ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စကစဘက်က သတင်းပေးတွေကြောင့် ၁၆ ယောက်ပြန် အဖမ်းခံရတာ။ တန်းစီလို့လူတွေ အဆမတန်လျော့နေတာနဲ့ ထွက်ပြေးတယ်ဆိုတာ သိပြီး ဗိုလ်ကြီးတွေဗိုလ်မှူးတွေက အသည်းအသန်လိုက်ရှာကြရင် ပြန်ဖမ်းမိခဲ့တာ။ တိုင်းအတွင်း စုဆောင်းခံထားရသူတွေချည်းပဲ"လို့ ပြောပါတယ်။
အဲဒီ ထွက်ပြေးသွားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဟာ စစ်မှုထမ်း အပတ်စဉ် ၆ မှာ စစ်သင်တန်း တက်ရောက်ထားတဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ် စစ်ဆင်ရေးကိုမပို့ခင် အခုလို ထွက်ပြေး လွတ်မြောက်သွားတာပါ။
ဒါ့အပြင် ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ စစ်သင်တန်းသား ၁၆ ယောက်ကို စစ်ကောင်စီတပ်သားတွေက အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။