စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မန္တလေး-မုံရွာလမ်းပိုင်းပေါ်မှာ ခရီးသွားပြည်သူတယောက်ကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစွမ်းလင်းထက်က “မန္တလေး-မုံရွာလမ်းပိုင်းပေါ်က မြေနဲရွာနဲ့ မအူရွာကြားက မအူတံတားနားမှာ ဖြစ်သွားတာဗျ။ ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီး သေသွားတယ်။ အဲဒီအမျိုးသားရဲ့ နေရပ်လိပ်စာကို စုံစမ်းနေပါတယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါ အမျိုးသားဟာ ကွမ်းရွက်ခြင်းတောင်းကို ဆိုင်ကယ်နဲ့ တင်ဆောင်မောင်းနှင်လာစဥ် အခုလိုပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “တပ်မ ၃၃ ကနေလာတဲ့ စစ်ကား ၅ စီးပေါ်က ကောင်တွေက ပစ်သွားတာလို့ သိရတယ်ဗျ။ အခင်းဖြစ်တဲ့နေရာက မအူတံတားနားမှာ။ အဲဒီတံတားက မအူရွာနားက စစ်ကောင်စီဂိတ်နဲ့ နီးတယ်။ စွမ်းရည်ထက် ဆီဆိုင်မှာ တပ်စွဲနေတဲ့ ကောင်တွေနဲ့လည်း နီးတယ်။ သေသွားတဲ့ ဆိုင်ကယ်သမားရဲ့အလောင်းကို မအူဂိတ်ကစစ်သားတွေက ကောက်သွားကြတယ်။ သတင်းကို ဘယ်လိုလိမ်ထုတ်ဦးမလဲ မသိသေးဘူး။ မိသားစုတွေကတော့ အလောင်းပြန်ယူချင်ရင် ပိုက်ဆံနဲ့ရွေးယူရမှာတော့ သေချာတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အဆိုပါလမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားကားတွေကို အချိန်ကြာမြင့်စွာ ရပ်တန့်ခိုင်းပြီး စစ်ဆေးငွေတောင်းခံတာတွေအပြင် ခရီးသွားပြည်သူတွေကို မကြာခဏ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေလို့ ခရီးသွားပြည်သူတွေ အဆင်မပြေဖြစ်နေကြတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။