Home
မြန်မာသတင်း
ပြည်မြို့တွင် စစ်ကောင်စီ ခံစစ်ပြင်၊ လူငယ်များကို စစ်မှုထမ်းခိုင်းရန် အဓမ္မပေါ်တာဆွဲ 
DVB
·
December 9, 2024

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေပြီး ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ရခိုင်ပြည်နယ်က မြို့နယ်တွေကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်ကနေ ပြည်မကိုဝင်ပေါက်ဖြစ်တဲ့ ပဲခူးတိုင်း ပြည်မြို့က မင်းကြီးတောင်ပေါ်မှာ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မင်းကြီးတောင်ဟာ ပြည်မြို့  န၀ဒေးတံတားထိပ်နဲ့ သင်္ဘောဆိပ်တို့ကို အပေါ်စီကနေ မြင်ရပြီး အကွက်အကွင်းကျတဲ့ နေရာဖြစ်ကာ စစ်ရေးအတွက် အချက်အချာကျလို့ စစ်ကောင်စီတပ်က ခံစစ်ပြင်နေတာလို့ ဆိုပါတယ်။

ပြည်မြို့က ခံစစ်မှာ စစ်အင်အားဖြည့်တင်းဖို့အတွက် ပဲခူးတိုင်းနဲ့ မကွေးတိုင်း အစပ်မြို့နယ်တွေက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး စစ်မှုထမ်းဖို့အတွက် လူငယ်တွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပြည်ဒေသခံတယောက်က “ခံစစ်လုပ်နေတဲ့အတွက် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ မနက်ဖြန် ၁၀ ရက်နေ့အထိကို လူအင်အား ရာကျော်ပေးရမှာ၊ ခံစစ်အတွက်လည်း တောင်ပေါ်တွေမှာ အမြောက်တွေ တပ်နေပြီ၊ နဝဒေးတံတားထိပ်က မင်းကြီးတောင်မှာ ၁၅၅ မမတို့ ၁၂၀ မမတို့ အမြောက်တွေ တပ်နေတယ်။ ရဟတ်ယာဉ်ကွင်းတွေ ဘာတွေလည်း ဆောက်နေတယ်၊ အဲဒီတောင်ပေါ်မှာ စရဖရုံးတို့ စစ်ကြောရေးတို့ မြန်မာ့အသံ အသံလွှင့်ဌာနက တဆင့်ပြန်လွှင့်တဲ့ရုံးတို့ ရှိတယ်၊ တောင်ကတော့ အမြင့်ကြီးဘဲ ခံစစ်ပြင်ဖို့အတွက် ဒီဇင်ဘာ ၁ ရက်နေ့ကနေ စဆွဲလိုက်တာ ရာကျော်နေပြီ”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ ကြို့ပင်ကောက်မြို့နယ် ကုန်းရွာက အမျိုးသား ၇ ယောက်ကို ဖမ်းဆီးကာ ကျေးရွာအတွင်းမှာ ပျူစောထီးတွေက ထိန်းသိမ်းထားပြီး ကံဦး၊ မြို့တွင်း၊ ဥယာဉ်ကြီး စတဲ့ ကျေးရွာတွေက ဖမ်းဆီးထားတဲ့ လူငယ်တွေကို‌တော့ ကြို့ပင်ကောက်မြို့ထဲ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၅၀ အကြား အမျိုးသားတွေဖြစ်ကြပြီး ငွေကျပ် သိန်းရာချီပေးနိုင်သူ တချို့သာ ပြန်လည်လွတ်မြောက်လာပြီး ကျန်သူတွေကိုတော့ ပြည်မြို့မှာ အင်အားဖြည့်ဖို့အတွက် တပ်သားသစ်အဖြစ် စစ်သင်တန်းတွေကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

ကြို့ပင်ကောက် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့တာဝန်ခံ တေဇမင်းက “ကြို့ပင်ကောက်အရှေ့ခြမ်းမှာဆို စာရင်းနာမည် ဘာညာတွေ မရှိတော့ဘူး အလွတ်တန်း ဝင်ဆွဲတာတွေ ရွာတွေကို ဝင်ဆွဲတယ်၊ ဒီဇင်ဘာလ ၆ ရက် ၇ ရက်လောက်ကဆို ကံဦးရွာကို ရွာထဲ ဝင်ဆွဲတာ၊ သပြေရုံတံတားမှာဆိုရင် ဆင်းပြီးဆွဲတာတွေ တောက်လျှောက်လုပ်တယ်၊ မနေ့ကဆို ကုန်းရွာက အမျိုးသား၇ ဦးကို ဆွဲသွားတယ်။ အခုအချိန်ထိတော့ ပြန်မလွတ်သေးဘူး”လို့ ပြောပါတယ်။

ပဲခူးတိုင်းက ပြည်မြို့၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပေါင်းတည်၊ ပန်းတောင်း၊ အုတ်ဖို၊ အောင်လံနဲ့ မကွေးတိုင်း ကံမမြို့နယ်တွေက ကျေးရွာတွေမှာ လူနေအိမ်တွေပေါ်အထိ ဝင်ရောက်ပေါ်တာဆွဲနေတယ်လို့  ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီဇင်ဘာလအတွင်းမှာတင် ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်း စစ်မှုထမ်းဖို့ ဖမ်းဆီးပေါ်တာဆွဲခံရတဲ့ ပြည်သူ ၂၀၀ နီးပါးရှိနေပြီလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တပ်ရင်း ၃၆၀၁ ပေါင်းတည် PDF တပ်ဖွဲ့ဝင်က “စစ်မှုထမ်းဖို့အတွက်ဆိုပြီးမှ ပေါ်တာဆွဲတာတွေ ရှိတယ်၊ အိမ်ပေါ်တွေအထိ တတ်ဆွဲနေတဲ့အဆင့် ဖြစ်နေတယ်၊ နေ့ရောညရော တက်ဆွဲတာ အခုဆို ပေါင်းတည်ဘက်မှာ အင်အား ၂၀ လောက် ဆွဲထားပြီးပြီလို့ သတင်းရပါတယ်၊ ပေါင်းတည်နဲ့ ထိစပ်နေတဲ့ နတ်တလင်းမှာလည်း ပေါ်တင်ကို ဝင်ဆွဲနေတာ ရွာတွေမှာ မြို့နဲ့နီးတဲ့ ရွာတွေမှာတော့ ရွာသားတွေက ရွာမှာ အိပ်ရဲခြင်းမရှိတော့ဘူး တိမ်းရှောင်ပြီး အိပ်ကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံမှာ အရွယ်ရောက်တဲ့ အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့ပြီး လူငယ်တွေကို ဆင့်ခေါ်ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်ခဲ့တာ အပတ်စဉ် ဒီဇင်ဘာလမှာ အပတ်စဉ် ၈ ကိုရောက်ရှိပြီဖြစ်ပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013