ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာအပြင် စစ်အင်အားဖြည့်တင်းနေပြီး စစ်ရှောင်ပြည်သူတွေလည်း စားဝတ်နေရေး အကူအညီတွေ လိုအပ်နေကြပါတယ်။
ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ် တလျှောက်ရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ဒီဇင်ဘာ ၄ ရက်ကစပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေတာ ၆ ရက်မြောက် ရှိလာပါပြီ။
ဒီဇင်ဘာ ၈ ရက်အထိ ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာအပြင် လေကြောင်းကနေ စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
“မနေ့က ၁၂ နာရီနောက်ပိုင်းလောက် ဖြစ်မယ်ထင်တယ်။ ဗန်းမော် ၄ မိုင် ထောက်ပို့တပ်တွေရှိတဲ့ ဆေးတပ်တွေရှိတဲ့ဘက်မှာဆိုရင်လည်း နေ့လယ် ၁ နာရီကျော်လောက် ဖြစ်မယ်ထင်တယ်။ ခရီးသည်တင် လေယာဉ်လိုမျိုး လေယာဉ်အကြီးကြီး၊ သယ်ယူပို့ဆောင်ရေး လေယာဉ်ထင်တယ် အဲလိုလေယာဉ်ကြီးနဲ့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ထင်ရတဲ့ လေထီးကနေ ချပေးတာတွေ တွေ့ရတယ်။ ၁၀ ခေါက်လောက်ဝဲပြီး လာချသွားတာ။ တခါချရင် အထုပ် ၈ ထုပ်လောက်ပါတယ်။ တခါတလေ ၁၀ ထုပ်၊ အဲလိုနဲ့ တညနေလုံး လာချတယ်။ အဲဒါချပြီးသွားရင် ဂျက်လေယာဉ်နဲ့ လာပစ်သွားတယ်။ ဂျက်လေယာဉ်နဲ့ကော y12 လေယာဉ်နဲ့ကော မနေ့က တိုက်ပွဲဖြစ်တဲ့နေရာကို တနေကုန် လာကြဲသွားတာ တွေ့တယ်။”
မြို့ပေါ်က ပြည်သူအများစုကတော့ ထွက်လို့ရတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြပြီး မြို့ထဲမှာ ကျန်ရစ်သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
သက်ကြီးရွယ်အိုတွေ၊ တချို့မိသားစုတွေမှာ သွားလာဖို့ ဆိုင်ကယ်မရှိတာ၊ စက်လှေခ မရှိတာတွေကြောင့် မြို့ထဲကျန်ရှိနေသေးတဲ့ ပြည်သူတွေ အများကြီးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းကနေ တဖက်ကမ်းကို တိမ်းရှောင်လာတဲ့ စစ်ရှောင် ဗန်းမော်ဒေသခံတွေတချို့ စားဝတ်နေရေးအတွက်လည်း ခက်ခဲနေကြပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။
“ကျနော်တို့ဆိုလည်း ဗန်းမော်ကထွက်လာတော့ အခက်အခဲတွေ အများကြီးဖြစ်တယ်။ ဘယ်မှာသွားခိုရမှန်းမသိ။ မနေ့ကဆို တနေကုန် ထမင်းမစားရတာရှိတယ်။ အဲဒါ နီးစပ်ရာ အသိမိတ်ဆွေတွေပေါ့။ သူတို့လည်း ဗန်းမော်က ထွက်လာတဲ့သူတွေ၊ အဲလိုပဲ အချင်းချင်း ဝိုင်းဝန်းပြီး စားသောက်နေကြတယ်။ ဗန်းမော် အနီးပတ်ဝန်းကျင်က လုံခြုံတယ်ထင်ရတဲ့ ကျေးရွာတွေမှာ ခိုနေကြတာ။ အထဲမှာကျန်ခဲ့သူတွေရော အပြင်ရောက်လာသူတွေရော အကုန် အခက်အခဲ ကိုယ်စီနဲ့ပေါ့။ အဓိက စားဝတ်နေရေးအတွက် လိုအပ်နေကြတယ်။”
စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ တွေကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုတွေလည်း အများကြီးရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာ၊ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာတွေကြောင့် အရပ်သားသေဆုံးမှု ၃၀ ဝန်းကျင်ရှိနေပြီး ၁၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗန်းမော်အကျဉ်းထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်သွားပြီဆိုတဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရကတော့ ဗန်းမော်ထောင် ပွင့်ဖို့ဆိုတာကတော့ ရာခိုင်နှုန်းနည်းပြီး မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
“ဗန်းမော်အကျဉ်းထောင်ပွင့်တာနဲ့ ပတ်သက်ပြီးတော့ မနေ့က နန့်ဖားဘက်က ထွက်လာတဲ့ သူတွေကို မေးကြည့်တာတော့ မပွင့်ဘူးလို့ပြောတယ်။ ဗန်းမော်ထောင်ပေါက်တယ် ဆိုတာကတော့ ရာခိုင်နှုန်းကတော့ နည်းတယ်။ အဲ့ပတ်ဝန်းကျင်မှာလည်း စကစတွေ ရှိနေတုန်း၊ ၂၁ မှာလည်း စကစတွေ ရှိနေတုန်းဆိုတော့ ဗန်းမော်ထောင် ပေါက်တာကတော့ နည်းနည်း သေချာဖို့တော့ ရာခိုင်နှုန်းတော့နည်းတယ်။”
ဒီဇင်ဘာ ၈ ရက်အထိ ဗန်းမော်မြို့ စုပေါင်းရုံးပတ်ဝန်းကျင်၊ ၂ မိုင် ၃ မိုင်ဘက်ခြမ်းက ထောက်ပို့ တပ်စခန်းအနီး၊ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဗန်းမော်မြို့တွင်းမှာလည်း တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။မြို့သိမ်းတိုက်ပွဲ မစခင်က ဗန်းမော်မြို့မှာ လူဦးရေ ၂သိန်းကျော်နေထိုင်ကြတာ ဖြစ်ပါတယ်။
ဟန်န