Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း နေအိမ် ၉ လုံးထက်မနည်း ချိပ်ပိတ်ခံရ
DVB
·
December 9, 2024
Photo - SU

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီက ပြည်သူလူထုရဲ့ နေအိမ် ၉ လုံးထက်မနည်းကို ချိပ်ပိတ်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

စစ်ကောင်စီက အရပ်သားတွေကို PDF တွေကို ထောက်ပံ့တာ၊ အားပေးချိတ်ဆက် ကူညီတာတွေ လုပ်နေတာကြောင့်လို့ စွပ်စွဲပြီး နိုဝင်ဘာ ၁ ရက် ၃၀ ရက်အထိ တလအတွင်း လူနေအိမ် ၉ လုံးထက်မနည်းကို ချိပ်ပိတ်သိမ်းဆည်းခဲ့တာပါ။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “တလအတွင်း ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့ အိမ်တွေချည်းပဲ။ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တယ်၊ အားပေးတယ်လို့ စွပ်စွဲပြီးသိမ်းဆည်းခဲ့တာ။ သက်ဆိုင်ရာ နယ်မြေခံ ရပ်ကျေး၊ အုပ်ချုပ်ရေးအဖွဲ့တွေက ရဲတပ်တွေနဲ့ စစ်တပ်ကို တင်ပြတာကြောင့် စစ်ဆေးချိပ်ပိတ်ခဲ့တာ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ တလအတွင်း ဧရာဝတီတိုင်းထဲက ဇလွန်၊ ငရုတ်ကောင်း၊ ကျုံပျော်၊ ရေကြည်၊ ကျိုက်လတ်၊ ဖျာပုံ၊ မြန်အောင် စတဲ့ မြို့နယ်တွေက ဒေသခံတွေရဲ့ နေအိမ်တွေ အများဆုံးချိပ်ပိတ်ခံရတဲ့ အထဲပါတယ်လို့ သိရပါတယ်။

ငရုတ်ကောင်း မြို့ခံတယောက်က“စစ်ကောင်စီ လက်အောက်ခံတွေက ရက်ရက်စက်စက် အကုန်လုပ်ပါတယ်။ ရွာထဲက အိမ်တလုံးကို လာချိပ်ပိတ်သွားတာ။ ချိပ်ပိတ်ခံရတဲ့အိမ်က အကောင်းကြီး မဟုတ်ပါဘူး။ အိမ်ကမကောင်းပေမဲ့ အိမ်ရှင်တွေက အခုနေစရာ အိမ်တောင် မရှိတော့ဘူး။ အိမ်ပိုင်ရှင်ရဲ့ သားက PDF ထောက်ပံ့တယ်ဆိုပြီး မိသားစုပိုင်အိမ်လေးကို ချိပ်ပိတ် သိမ်းလိုက်တော့ အခုဘဝပျက်နေပြီ” လို့  ပြောပါတယ်။ 

အဲ့ဒီ နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ နေအိမ်ပိုင်ရှင် အများစုကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်တယ်လို့ ကြေညာထားတဲ့သူတွေလည်း ပါဝင်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013