Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ထွက်ပြေးနေရ
DVB
·
December 9, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကျွဲဖြူမ၊ ကြို့ကိုးပင်၊ တောင်ကုန်း၊ ဝါးဖြူချောင်း၊ ချောင်းစောက် စတဲ့ ကျေးရွာ ၅ ရွာထက်မနည်းကို ဒီဇင်ဘာ ၈ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

ညအချိန် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာတွေအတွင်းမှာ ပိတ်မိကျန်ခဲ့တဲ့ ပြည်သူတွေလည်း ရှိကြောင်း ကျွဲဖြူမကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“ရွာမှာလည်း ပိတ်မိကျန်ခဲ့တဲ့သူတွေ ရှိတယ်၊ သုံးပုံပုံ တပုံလောက် ကျန်ခဲ့တာ၊ တချို့လူတွေ အဖမ်းခံထားရတယ် ပြောတယ်။ တံငါရွာကတော့ ရွာလုံးကျွတ်ပြေးရတယ်။ တောင်ကုန်းရွာနဲ့ ကြို့ကိုးပင်ရွာက လူတချို့လည်း ရှောင်လာကြတယ်။ တောထဲရှောင်တဲ့သူကရှောင်၊ တခြားရွာတွေကို ပြေးတဲ့သူက ပြေးတယ်။”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဓာတ်ဆီပုံးတွေ တင်ဆောင်လာပြီး ရိုးမအစပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေကြောင်း ဝါးဖြူမကျေးရွာမှ စစ်ရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“အိမ်တွေ အကုန်ထားခဲ့ပြီး ထွက်ပြေးလာရတာ၊ မီးရှို့မယ်လို့ ခြိမ်းခြောက်‌နေတယ်၊ ခုနေ့ခင်းထိတော့ ရှို့တာ မတွေ့သေးဘူး၊ ညဘက် ရှို့မလား မသိဘူး၊ ဒီရွာတွေက PDF တွေကို ထောက်ပံ့ပေးနေလို့၊ သတင်းပေးနေလို့ဆိုပြီး ရှို့မယ် ပြောနေတာ။”

စစ်တပ် ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာလည်း ပဲခူးတိုင်းအနောက်ပိုင်းက ပဲခူးရိုးမအစပ်ရှိ ကျေးရွာတွေမှာ PDF တွေ စိုးမိုးနေပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ မကြာခဏ ပစ်သတ်ခံနေရတဲ့အတွက် နယ်မြေရှင်းလင်းဖို့ တောင်းဆိုတာတွေ ပြုလုပ်နေပါတယ်။

အုတ်ဖိုမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ဗိုလ်ကြီးတယောက်၊ တပ်ကြပ်တယောက်နဲ့ အုပ်ချုပ်ရေးမှူး ၃ ယောက်ထက်မနည်းကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024