Home
မြန်မာသတင်း
မတ္တရာမြို့နယ်အတွင်း ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့
DVB
·
December 9, 2024
Photo: မတ္တရာ - ပကဖ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ထိန်ပင်စောက်ကျေးရွာ၊ ပိုဝမြောက်ရွာနဲ့ ဆင်ကုန်းရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၁ ရက်က စတင်ပြီး ပြည်သူကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းကို နယ်မြေစိုးမိုးမှု ပြန်လည်ရယူ ထိုးစစ်ဆင်လာရာကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒေသခံ စစ်ဘေးရှောင်ပြည်သူတယောက်က“ဒီဇင်ဘာ ၇ ရက် နေ့ခင်း ၁ နာရီခွဲအချိန်က ထိန်ပင်စောက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာကို မီးရှို့ပြီး ဥဒိန်ရွာက စစ်တပ်နဲ့ ပြန်ပေါင်းသွားတာဗျာ။ ဒီဇင်ဘာ ၈ ရက် နေ့ခင်း ၁၁ နာရီခွဲအချိန်ကျတော့ ဥဒိန်ရွာကနေ ပိုဝမြောက်ရွာနဲ့ မြွေဆင်ကုန်းရွာကို မီးရှို့ဖျက်ဆီးတယ်ဗျ။ မီးလောင်နေတာက ညနေ ၄ နာရီထိုးတဲ့အထိ မီးကမငြိမ်းသေးဘူး”လို့ ပြောပါတယ်။

ထိန်ပင်ဆောက်ရွာဟာ စစ်တပ် စစ်ကြောင်းဝင်လာတိုင်း အကြိမ်ကြိမ် ရွာကို မီးရှို့ခံရတဲ့ကျေးရွာ ဖြစ်သလို မြွေဆင်ကုန်းရွာကလည်း အိမ်ခြေ ၁၅၀ ခန့်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပြီး ပို့ဝမြောက်ရွာကတော့ အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

မတ္တရာပြည်သူကာကွယ်ရေးတာဝန်ရှိသူတယောက်က “စစ်တပ်က သူတို့ စိုးမိုးလို့မရတဲ့ နယ်မြေတွေက ကျေးရွာတွေကို အခုလို မီးရှို့တာဟာ သူတိုရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်ပါပဲ။ ဘာလို့လဲဆိုတော့ စစ်တပ်က သူတို့တပ် နောက်ပြန်ဆုတ်တော့မယ်ဆိုရင် ရွာတွေကို မီးရှို့ ဖျက်ဆီးပြီး တပ်ပြန်ဆုတ်လေ့ရှိတယ်။ အခုလည်း ကျနော်တို့ ခန့်မှန်းတာက သူတို့ တပ်ပြန်ဆုတ်ဖို့ ရွာတွေကို မီးရှို့နေတာလိုပဲ ခန့်မှန်းရတယ်”လို့ ပြောပါတယ်။

‌စစ်ကောင်စီတပ်တွေကတော့ ရွာတွေကို မီးရှို့ကာ စစ်ကြောင်းပြန်ဆုတ်ဟန်ပြပြီး ရွာမီးလောင်လို့ မီးငြှိမ်းသတ်ဖို့ ရွာထဲပြန်ဝင်လာတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ သာဓကတွေလည်း ရှိနေတာကြောင့် ပြည်သူတွေ မီးမငြှိမ်းသတ်ရဲဘဲ အဝေးကနေပဲ ‌ကြည့်နေရတယ်လို့လည်း ပြောပါတယ်။

အခုလည်း စစ်တပ်ရဲ့ စစ်ကြောင်းက မီလောင်နေတဲ့ ကျေးရွာအနီးမှာပဲ ရှိနေသေးတာကြောင့် ရွာသားတွေ ရွာထဲ ပြန်မဝင်ရဲကြသေးတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ နေအိမ် အရေအတွက်ကို အတိအကျ မသိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013