Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် PDF ၁ ဦးနှင့် ပြည်သူ ၃ ဦး သေဆုံး
DVB
·
December 9, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်က စစ်ကောင်စီတပ် သတ်ဖြတ်လို့ PDF ရဲဘော်တယောက် ကျဆုံးခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်လည်း ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ PDF ကနေ သိရပါတယ်။

စစ်ကိုင်းအနောက်ဘက်က ကံတက်ကျွန်း (ကတက်ကျွန်း)ရွာမှာ စစ်ကိုင်းတပ်မ ၃၃ လက်အောက်ခံတပ်က စစ်ကြောင်းထိုးပြီး သတ်ဖြတ်သွားတာလို့ စစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ထဲက ကျွန်းရွာတရွာဖြစ်တဲ့ အဆိုပါ ကတက်ကျွန်းကျေးရွာကို စစ်ကြောင်းထိုးပြီး PDF ရဲဘော်တယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “စစ်ကိုင်း ငါးထပ်ကြီးဘုရားမှာ တပ်စွဲထားတဲ့ကောင်တွေက အင်အား ၁၀၀ နီးပါးလောက်နဲ့ ကတက်ကျွန်းရွာကို မနက် ၇ နာရီလောက်မှာ ဝင်စီးတယ်။ ဧရာဝတီမြစ်ထဲမှာလည်း စစ်သင်္ဘော ၃၊ ၄ စီးနဲ့ ဝိုင်းထားသေးတယ်။ အဲဒီ ကတက်ကျွန်းရွာက ရပ်ကျေး ပကဖ ရဲဘော် ၁ ယောက်ကို ဖမ်းသွားပြီး အသတ်ခံရတယ်။ နောက်ပြီးတော့မှ အလောင်းကို မီးရှို့သွားတာလို့ သိရတယ်ဗျ။ ငါးထပ်ကြီးဘုရားမှာ ကျန်နေခဲ့တဲ့ကောင်တွေကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ပစ်လို့ အဲဒီနားကရွာတွေက ရွာသား ၃ ယောက် သေသွားတယ်၊ ၁ ယောက် ဒဏ်ရာရသွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ ရပ်ကျေး ပကဖ ရဲဘော်ကတုံး ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က  ၆၀ မမ လက်နက်ကြီးပစ်ခတ်လို့ ညောင်ကုန်းကျေးရွာက အသက် ၅၀ အရွယ် အမျိုးသမီးတယောက်နဲ့ ရိပ်သာကျေးရွာက အမျိုးသားတယောက်တို့ ထိမှန်သေဆုံးခဲ့​သလို ညောင်ကုန်းကျေးရွာက အသက် ၇၀ ဝန်းကျင် အမျိုးသားတယောက်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အသံကြောင့် ရုတ်တရက် နှလုံးခုန်ရပ်တန့်ကာ သေဆုံးသွားရတာဖြစ်တယ်လို့ ဒေသခံ PDF ကပါတယ်။

သေဆုံးသွားသူ အမျိုးသမီးရဲ့ အသက် ၃၀ ဝန်းကျင်ရှိတဲ့ သားဖြစ်သူဟာလည်း လက်မောင်းကို ကျည်စထိမှန် ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသမှုခံယူနေရ​ ပါတယ်။

ကတက်ကျွန်းကျေးရွာအနီးက တိုက်ပွဲမှာ PDF အလောင်းတလောင်း၊ လက်လုပ်သေနတ်အရှည် ၉ လက်၊ လက်လုပ်စိန်ပြောင်းတလက်၊ လက်လုပ်လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံးနဲ့ ပြောက်ကျားယူနီဖောင်းတစုံတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေမှာ ရေးသားဖော်ပြကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013