ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးမှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် အယောက် ၂၀ ကို ဒီဇင်ဘာ ၈ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ငရုတ်ကောင်းမြို့အနီးအရောက်မှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “တိုက်ပွဲတွေ အတော်ပြင်းထန်နေတော့ ဒေသခံတွေက အသက်လု ထွက်ပြေးလာတာ။ ငရုတ်ကောင်းမြို့ထဲ အဝင်မှာ အဖမ်းခံရတာ။ ဂွဘက်ကလာတဲ့ စစ်ရှောင်တွေပါ။ တောစပ်တွေ၊ အိမ်ခြံတွေထဲမှာ စစ်ရှောင်တွေမနည်း ရောက်နေတယ်။ လောလောဆယ်တော့ အယောက် ၂၀ အဖမ်းခံရတာ။ ဒီဘက်ကို အဝင်ကိုမခံတာ” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ ရခိုင်စစ်ဘေးရှောင် အယောက် ၂၀ ထဲမှာ ကလေးငယ် ၇ ယောက်၊ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၆ ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်က အမျိုးသား ၇ ယောက်ကို သီးသန့်စစ်ဆေးဖို့ဆိုပြီး စစ်ကားနဲ့ ခေါ်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အောက်တိုဘာ ၆ ရက်ကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရေနံ့သာစစ်ဆေးရေး ဂိတ်မှာဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသားတယောက်ကို အကြမ်းဖက်ဥပဒေနဲ့ ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခဲ့သေးတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။