စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးနွယ်ရွာနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာ စစ်ကောင်စီ အမြောက်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၂ ယောက် သေဆုံးသွားပါတယ်။
ဒီဇင်ဘာ ၉ ရက် မနက်မှာ စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ် အမြောက်တပ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မင်းရွာက ဒေသခံ အသက် ၆၀ ဝန်းကျင်အရွယ် ဦးပြူးမောင်နဲ့ ဒီဇင်ဘာ ၆ ရက်က စစ်ကောင်စီတပ်စွဲရာ ကြံသာရွာကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒိုးနွယ်ရွာက ဒေသခံအမျိုးသားတယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းရွာ ရွာအတွင်းနဲ့ ရွာမြောက်ပိုင်း လယ်တောထဲကို လက်နက်ကြီး ၁၂၂ မမ ကျရောက်ပြီး ဦးပြူးမောင်ရဲ့ ရင်ဘတ်မှာ ထိမှန်ကာ သေဆုံးသွားခဲ့တာလို့ ဂန့်ဂေါနယ်တောင်ပိုင်းဒေသခံ ကိုမောင်မောင်စိုးက ပြောပါတယ်။
အဆိုပါ လက်နက်ကြီးပစ်ခတ်ရာ ဂန့်ဂေါမြို့ပေါ် ပြည့်ဝအမြောက်တပ်ဟာ မင်းရွာကျေးရွာနဲ့ ၁၄ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက ၃ မိုင်ခန့်ကွာဝေးတဲ့ ကြံသာရွာကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ဒိုးနွယ်ရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတယောက် လည်ပင်းပေါက်ထွက်ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ကလေးနယ်က ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့မရှိပါဘူး။
ဒီဇင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရွာက အသက် ၇၀ ကျော်အရွယ် ဦးဝင်းလွင်ဟာ ခြေထောက်မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခု ဒီဇင်ဘာ ၆ ရက်အထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၆၀၂၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။