ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့က ဘောလုံးကွင်းထဲမှာ ရဟတ်ယာဉ်ကွင်းတခုအရေးပေါ်ဆောက်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်က စတင်ပြီး ချောင်သာမြို့ခွဲမှာ စစ်ရဟတ်ယာဉ်တွေဆင်းနိုင်မယ့် လေကွင်းတခုကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ညွန်ကြားချက်နဲ့ အရေးပေါ်ဆောက်နေတာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်အင်ဂျင်နီယာတွေနဲ့တပ်သားတွေလုပ်နေတာ။ အထက်အမိန့်နဲ့ အမြန်ဆုံးပြီးအောင်ဆောက်နေရတာ။ စစ်ရေးအတွက်လည်းအသုံးပြုဖို့ အဓိက ဆောက်နေတာ။ ချောင်းသာဘက်မှာ မကျီးဇင်နဲ့ ဘောမိဘက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီဒဏ်ရာရ တပ်သားတွေနဲ့ ဝန်ထမ်းတွေ မနည်းရောက်နေတယ်။ ကယ်ထုတ်မဲ့ သဘောရှိတယ်” လို့ ပြောပါတယ်။
အဲဒီ ရဟတ်ယာဉ်ကွင်းဆောက်နေတဲ့နေရာအနီးမှာ အာရက္ခတပ်တော် (AA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“စစ်တပ်ကကားတွေ ၈ စီးလောက်နဲ့ စစ်သားတွေလာချသွားတယ်။ ဘောမိဘက်သွားမှာတဲ့။ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ရွာထဲတွေပါကျကုန်ပြီ၊ ဘယ်သူမှမနေရဘူး။ စစ်ကောင်စီတပ်က လေယာဉ်ကွင်းဆောက်မှာပေါ့ သယ်ယူပို့ဆောင်ရတာကောင်းအောင်လို့လေ” လို့ ဒေသခံ တယောက်ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ပုသိမ် - ချောင်သာကားလမ်းကနေ စစ်ကူပို့တဲ့အခါ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရတာကြောင့် လေယာဉ်အသုံးပြုပြီး စစ်ကူပို့တဲ့လုပ်ငန်းအပြင် စစ်ရေးနဲ့ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကို အရေးပေါ်ကယ်ထုတ်ဖို့ အခုလို အရေးပေါ်လေယာဉ်ကွင်းတွေ ဆောက်နေတာလို့ဆိုပါတယ်။
စစ်ကောင်စီက ရခိုင်နဲ့ထိစပ်နေတဲ့ ဟင်္သာတမြို့က ဟင်္သာတ -ပုသိမ် ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၁၈ တပ်ရင်းအနီးက ဂေါက်ကွင်းလုပ်ထားတဲ့ လေယာဉ်ကွင်းဟောင်းကို ဇန်နဝါရီ ပထမအပတ်ကစလို့ ပြုပြင်နေပါတယ်။
ဒါ့အပြင် ကျုံပျော်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ ၃၆ တပ်ရင်းအနောက်မှာလည်း ဇန်နဝါရီပထမ အပတ်ကစတင်ပြီး လေယာဉ်ကွင်းတခုဆောက်လုပ်နေတယ်လို့လည်း ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ဂွမြို့နဲ့ အနီးဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ ခံစစ်ပြင်ထားခဲ့ပြီး အဲဒီကဆေးရုံကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေသောင်ယံကို စစ်ကောင်စီက အင်အားထပ်ဖြည့်နေပြီး ချောင်းသာကမ်းခြေဟာ ရွှေသောင်ယံနဲ့ ၈ မိုင်လောက်ပဲ ကွာဝေးပါတယ်။