၂၀၂၅ နှစ်သစ်ကူးအတွက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ်နဲ့ တည်ခိုးခန်း အခန်းကြိုတင်မှာယူတာတွေ များပြားနေတယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပုသိမ်မြို့နယ်က ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေမှာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ ခရစ္စမတ်ရက်၊ New Year ရက်တို့အတွက် အပန်းဖြေလာရင်း တည်းခိုအနားယူဖို့ ဒီဇင်ဘာ ဒုတိယအပတ်ကစတင်ပြီး ဟိုတယ်နဲ့ တည်းခိုခန်းတွေ ၉၅ ရာခိုင်နှုန်းအထိ ကြိုတင်မှာယူထားတယ်လို့ သိရပါတယ်။
ချောင်းသာကမ်းခြေက ဟိုတယ်လုပ်ငန်းရှင်တယောက်က “ဒီဇင်ဘာပိတ်ရက်အတွက် ဟိုတယ်နဲ့ တည်ခိုခန်းတွေ ကြိုတင်မှာယူ အားကောင်းနေပါတယ်။ New Year နီးကပ်လာတာနဲ့အမျှ ဟိုတယ်နဲ့ တည်းခိုခန်း အခန်းဘွတ်ကင်ယူသူတွေက များများလာနေတယ်” လို့ ပြောပါတယ်။
ငွေဆောင်နဲ့ ချောင်းသာကမ်းခြေဟာ ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်တဲ့ ကမ်းခြေတွေဖြစ်ပြီး ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံးနဲ့ တည်ခိုခန်း ၅၉ လုံးရှိပြီး ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံးနဲ့ တည်ခိုခန်း ၄၆ လုံးအထိ ရှိတယ်လို့ သိရပါတယ်။
ပုသိမ်က ခရီးသွားဧည့်လမ်းညွှန်တယောက်က “အခန်းတွေ ကြိုတင်စာရင်းသွင်းယူထားတဲ့ ဧည့်သည်တွေထဲမှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက များတယ်။ လောလောဆယ်တော့ စစ်ရေးနဲ့ ပတ်သက်လို့ ကမ်းခြေဘက်မှာ ထူးထူးခြားခြား ဖြစ်စဉ်တွေ မတွေ့ရသေးပါဘူး။ စစ်တပ်က စစ်ဆေးနေတာတော့ရှိတယ်။ လက်ရှိ ဟိုတယ်တွေကော၊ တည်းခိုခန်းတွေပါ ပြည့်ခဲ့တဲ့အထိ ဖြစ်နေပါပြီ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာနက ဆင်စခန်းနဲ့ ပေါင်းစပ်ပြီး မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စတဲ့ စိတ်ဝင်စားစရာ နေရာတွေကိုလည်း စစ်ကောင်စီလမ်းညွှန်ချက်နဲ့အညီ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်ကလည်း ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေနဲ့ ချောင်းသာကမ်းခြေ စတဲ့ ကမ်းခြေတွေကိုလာတဲ့ အမျိုးသား ခရီးသွားဧည့်သည်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။