ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေကို သီတင်းကျွတ်ပိတ်ရက် အပန်းဖြေလာတဲ့ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးလိုက်တယ်လို့ ချောင်းသာ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက် ညက ချောင်းသာကမ်းခြေမှာ လမ်းလျှောက်နေတဲ့ လူငယ်အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ချောင်းသာ ဒေသခံတယောက်က ပြောပါတယ်။
“ညနေပိုင်းက သူငယ်ချင်းတွေ လျှောက်လည်ပတ်နေတုန်း စစ်ကောင်စီတပ်ကဖမ်းဆီးတာ။ အမျိုးသား လူငယ် ၃ ယောက်ပါ။ သူတို့က ရန်ကုန်က လာတာလို့ သိရတယ်။ ဘယ်ဖမ်းသွားတယ် ဆိုတာတော့ မသိသေးပါဘူး။ အဖမ်းခံရတဲ့ ကလေးတွေက ဘာမှန်းတောင်မသိ ဘူး။” စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ ကောင်လေးတွေက ရန်ကုန်ကလာတာ။ စစ်ကောင်စီတပ်က ကင်းလှည့်လာရင်းဖမ်းတာ။ ဇော်ဇော်ဆိုတဲ့ ကောင်လေးအပါအဝင် ၃ ယောက်ပါ။ ကျန်တဲ့ ၂ ယောက်နာမည်တော့ မသိသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ကမ်းခြေတွေကိုလာတဲ့ ဧည့်သည်တွေကို ကလေးငယ်တွေနဲ့ မိန်းကလေးတွေပါ မကျန်မှတ်ပုံတင်၊ ၇ ရက်အတွင်း ခရီးသွားထောက်ခံစာ၊ ကိုဗစ်ကာကွယ် ဆေးထိုးပြီးကြောင်း ထောက်ခံစာ၊ စမက်ကတ်အပြင် လုံခြုံရေးနဲ့ မဆိုင်တဲ့ အချက်တွေပါ စစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV နဲ့ MWD ကတော့ ချောင်းသာနဲ့ ငွေဆောင် အပါအဝင် ခရီးသွားဒေသတွေကို သီတင်းကျွတ်ကာလ လာရောက်လည်ပတ် အပန်းဖြေတဲ့သူတွေနဲ့ စည်ကားနေပြီး ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။