Home
မြန်မာသတင်း
ဗန်းမော်တိုက်ပွဲအတွင်း အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှု ရာချီရှိနေ 
DVB
·
January 12, 2025

တလကျော်ကြာ ဗန်းမော်တိုက်ပွဲအတွင်း အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှု ရာဂဏန်းအထက်မှာ ရှိနိုင်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ မံစီအနီးတဝိုက် စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကနေ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားလာပြီး နှစ်သစ်ကူးအချိန်ကာလ တိုက်ပွဲခဏငြိမ်သက်သွားပေမဲ့ ၂၀၂၅ ဇန်နဝါရီ ၆ ရက်ကနေ နှစ်ဖက်တပ် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။

တိုက်ပွဲတလအကြာ ဗန်းမော်မြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်တာ မရှိသေးပေမဲ့ ဗန်းမော်မြို့ပေါ် ရပ်ကွက်အချို့မှာတော့ KIA တပ်သားတွေ ဝင်ရောက်နိုင်တာတွေ ရှိပြီလို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာအပြင် နှစ်ဖက်တပ်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်တာတွေရှိနေတာကြောင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုတွေ ရာနဲ့ချီရှိနိုင်တယ်လို့ ဗန်းမော်မြို့ထဲကနေ တိမ်းရှောင်လာတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“အပြန်အလှန်ပစ်ကြတာ ဒရုန်းတွေရောပါတယ်လေ။ စစ်တပ်က လေကြောင်းကနေပါ နေ့နေ့ညည လာပစ်နေတာ အိမ်တွေအပျက်အစီးတွေကြီးပဲ။ ထောင်ဂဏန်းမရှိရင်တောင် အနည်းဆုံး ရာဂဏန်းပဲ။ အတိအကျတော့ မသိရဘူး တိုက်ပွဲကလည်း ပြင်းနေတုန်းဆိုတော့။ မီးခိုးတွေ တက်နေတာတော့ နေ့တိုင်းနီးပါးပဲ။ လေယာဉ်ကလည်း နေ့တိုင်းနီးပါးလာပစ်တယ်။ တိုက်ပွဲတွေကလည်း နေအိမ်တွေကို အကာအကွယ်ယူပြီး ပစ်ကြမှာပဲလေ။ ကျနော်တို့က ၃ ရက်နေ့က ထွက်ခဲ့တာ။ အနီးဝန်းကျင်မှာပဲ ရှောင်နေတယ်။ ဗန်းမော်သိမ်းနိုင်ရင် အိမ်ပြန်မယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်ထွက်လာတဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်အရ ဗန်းမော်မြို့ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်နဲ့ အနီးဝန်းကျင်မှာ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနေတာကို တွေ့ရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေ အများအပြားရှိနေပေမဲ့ ဖုန်းနဲ့အင်တာနက်လိုင်း အခက်အခဲကြောင့် အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ဖို့ကတော့ အခက်အခဲရှိနေတာပါ။ 

ဗန်းမော်မြို့တွင်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကစပြီး ဒေသခံပြည်သူ ၁၀,၀၀၀ လောက် မြို့ကို စွန့်ခွာတိမ်းရှောင်နေကြပြီး မြစ်တဘက်ကမ်းမှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေကတော့ စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။

ဗန်းမော်မြို့ပေါ်ရပ်ကွက်အများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်လိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ - ၂၁)နဲ့ အနီးဝန်းကျင်ရှိ တပ်စခန်းတွေမှာ ပြန်လည်စုဖွဲ့ကာ ခုခံနေတာလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်လာခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကတော့ တလကျော်ကြာလာတဲ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကတော့ စခန်းလက်မလွတ်ရရေးအတွက် လေကြောင်းကနေပါ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့ခံတယောက်က “ဗန်းမော်က မနေ့က တနေကုန်ဖြစ်တယ်။ လေယာဉ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ပစ်တာ တနေကုန်ကြားနေရတာ။ လက်နက်အသေးနဲ့ နှစ်ဖက်ပစ်ခတ်သံတွေလည်း ကြားရတယ်။ ဒီကနေ့ညအထိ ကြားရသလောက်ဆိုရင် ဗန်းမော်မြို့မှာရှိတဲ့ လေယာဉ်ကွင်း သိမ်းထားပြီလို့လည်း ကြားရတယ်။ လေယာဉ်ကွင်း အနောက်ဘက်ဆိုရင် ၃ မိုင်ဘက်က သံချပ်ကာတပ်နဲ့ ၂၁ တဆက်တည်းရှိတဲ့နေရာလို့ ပြောလို့ရတယ်။ လေယာဉ်ကွင်းအနောက်ဘက်ဆိုရင် စစ်တပ်တွေတကြောတည်း ရှိတဲ့နေရာဆိုတော့ အဲ့ဘက်တွေ တိုက်ပွဲဖြစ်တာကို ကြားရတယ်”လို့ ပြောပါတယ်။

ဗန်းမော်လေဆိပ်ကို ဇန်နဝါရီ ၉ ရက်မှာ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်လာပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစု မှတ်သားထားချက်အရ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်ကနေ လက်ရှိအချိန်အထိ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်းကြီး/ငယ်ပေါင်း ၃၁၀ ဝန်းကျင်လောက်ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013