စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက် ကျောက္ကာရွာနဲ့ ရွာတုံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တို့ ဇန်နဝါရီ ၁၁ ရက် မနက်မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မုံရွာမြို့ စီးပွားရေးတက္ကသိုလ်နဲ့ ကျောက္ကာရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းနဲ့ ဒေသခံပြည်သူကာကွယ်ရေးစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပါ။
မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက်က ပြည်သူတယောက်က “လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေ ကျနော်တို့ မုံရွာမြို့ထဲကနေ အတိုင်းသားကြားနေရတယ်။ ကျောက်စစ်ပုံ အမြောက်တပ်ကလည်း လက်နက်ကြီးပစ်ကူတာတွေ ရှိတယ်။ ကျောက်စစ်ပုံကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ပစ်တယ်ဆိုရင် ကျနော်တို့ မုံရွာမြို့ထဲက အိမ်တွေပါ တုန်ခါနေတယ်ဗျ။ နှစ်ဖက်အထိခိုက်အကျဆုံးတော့ ဘာမှမသိရ သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်ဘက်ကတော့ မုံရွာမြို့ကနေ အရာတော်မြို့ကို ဇန်နဝါရီလဆန်းပိုင်းက ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတာကို ပြည်သူ့ကာကွယ်ရေးဘက်က ကြား ဖြတ်တိုက်ခိုက်နေတာပါ။
မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “မုံရွာ-ကျောက္ကာ-အရာတော်လမ်းဘက်ကို စစ်ကြောင်းထိုလို့ ကျနော်တို့ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာ။ အဓိကတော့ သူတို့ ထောက်ပို့ပစ္စည်းတွေ ပို့တာကို စစ်ကြောင်းနဲ့ လုံခြုံရေးယူပေးတာဖြစ်မယ်ဗျ။ တိုက်ပွဲအတွင်း အထိအခိုက် အကျဆုံးကတော့ ကျနော်တို့ဆီသတင်းမရောက်သေးဘူး” လို့ ပြောပါတယ်။
အခုလိုမုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသတွင်း ခရီးသွားကားတွေ လမ်းပိုင်းပိတ်မိနေသလို တိုက်ပွဲဖြစ်ပွားရာ နေရာအနီးက ကျောက္ကာရွာ၊ ရွာတုံရွာ၊ ထနှောင်းဝင်းရွာ စတဲ့ ကျေးရွာအနီး ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။