ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်တွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ဒရုန်းတစင်းကိုလည်း ရရှိခဲ့တယ်လို့ DPLA က ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၄ ရက်က ကျောက်ဂူရဲစခန်းနဲ့ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉) မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို နောက်တနေ့မှာလည်း တောင်ထိပ်ရွာနဲ့ အင်တောမြို့အနီးနား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
DPLA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီတပ်ရဲ့ ဒရုန်းက အဆင့်မြင့်ဒရုန်း ဖြစ်တာပေါ့။ သူတို့သုံးတဲ့ဒရုန်းက အတိုင်းအတာတခု အနေထားတခုထိ ထိရောက်မှုရှိတဲ့ ဒရုန်းတွေပေါ့လေ။ သူတို့ဒရုန်းတစင်းကို ရရှိထားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းကို DPLA က ရရှိထားပြီး ဒရုန်းအမျိုးအစားနဲ့ ဒရုန်းရဲ့တန်ဖိုး အတိအကျကိုတော့ ပြောဆိုထားခြင်း မရှိသေးပါဘူး။
ဒရုန်းတစင်းရဲ့တန်ဖိုးက အရည်အသွေးအလိုက် ကျပ် သိန်း ၄၀၀ နဲ့အထက် ရှိနေပြီလို့ ရှမ်းတောင်က ဒရုန်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တိုက်ပွဲနေရာတိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေရှိတဲ့နေရာတွေ၊ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်တာကြောင့် ခဲကြားရွာနဲ့ ဖက်ရင်းကုန်းရွာတွေရဲ့ ပြည်သူပိုင်နေအိမ်တွေ ထိခိုက်ပျက်စီးပြီး နေအိမ်ဘယ်နှစ်လုံး ပျက်စီးခဲ့သလဲဆိုတာကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA တို့ကြား ဒီဇင်ဘာ ၉ ရက်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်တာ၊ စစ်အင်အားဖြည့်ပြီး တိုက်ခိုက်လာတာတွေကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်ကလည်း ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာက ပြည်သူတယောက် သေဆုံးခဲ့ပါတယ်။