ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ ဒုအရာခံဗိုလ်တယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF Asho) က ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
CDF Asho ရဲ့ ပြန်ကြားရေးတာဝန်ခံက “အမ်းတိုက်ပွဲတွေထဲကနေ ထွက်ပြေးလာကြသူတွေကို ၂ ရက်ဆက်တိုက် ပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်တယ်။ ဒုအရာခံဗိုလ် ၁ ယောက်၊ တပ်ကြပ် ၂ ယောက်၊ ဒုတပ်ကြပ် ၁ ယောက်၊ စစ်သား ၂ ယောက်နဲ့ ပြည်သူ့စစ်က ၅ ယောက်၊ အားလုံး ၁၁ ယောက်ပါ။ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာနဲ့ တောင်ဇောက်ရွာတွေနားက စစ်တပ်စခန်းတွေကနေ ပြေးလာကြတာလို့ သိရတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သေနတ် ၉ လက်နဲ့အတူ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
CDF Asho ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်က “သူတို့ကို ဖမ်းမိတဲ့ရက်တွေ မတူသလို ဖမ်းမိတဲ့နေရာတွေလည်း မတူဘူး။ အနောက်ဘက်ကို ပြေးမရလို့ အရှေ့ဘက်က မကွေးတိုင်းထဲကို ခြေဦးတည့်ရာ ပြေးလာကြတဲ့သဘော ရှိတယ်။ ကျနော်တို့ လှုပ်ရှားနေတဲ့နယ်ထဲ ရောက်လာတော့လည်း တောထဲကနေ စောင့်ဖမ်းလိုက်တာပါ။ ဂုတ်စည်းရိုးရွာနားမှာ ဖမ်းမိခဲ့တာတွေလည်း ရှိတယ်။ စစ်ဆေးမှုတွေ ဘာမှမလုပ်ရသေးတော့ အသေးစိတ်တော့ ပြောမရသေးဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကလည်း အမ်းမြို့သိမ်းတိုက်ပွဲကနေ ပြေးလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့အတွက် လက်နက်ချသူတွေရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက်ကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အမ်းမြို့နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တွေဘက်ကို အများဆုံး ထွက်ပြေးလာကြတာဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။