Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦး ထိခိုက်
DVB
·
January 6, 2025

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ ဇန်နဝါရီ ၅ ရက်က ဒေသခံတယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

စစ်ကောင်စီက စခန်းကြီးကျေးရွာအနီးက တိုင်းဗဟို ၁၀ တပ်ကနေ လက်ပံချောင်းရွာဘက်ကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းမှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်နက်ကြီးဟာ လက်ပံချောင်းရွာ B ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဒေါ်ဇမ်ဘွဲ့ဆုန်ဟာ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ကာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတယောက်ကတော့ မျက်နှာမှာ ရှပ်ထိဒဏ်ရာ ရသွားခဲ့တာပါ။

လက်နက်ကြီးဟာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်မှာရှိတဲ့ အမျိုးသားက မြေပြင်မှာဝပ်ချလိုက်လို့ အသက်အန္တရာယ် လွတ်သွားကာ အိမ်နီးချင်း ဒေါ်ဇမ်ဘွဲ့‌ဆုန်က‌တော့ လက်နက်ကြီးစမှန်ပြီး ဆုံးသွားတာလို့ လက်ပံချောင်းရွာသားတယောက်က ပြောပါတယ်။

အဆိုပါ လက်ပံချောင်းရွာမှာ အိမ်ခြေ ၂,၀၀၀ ကျော်ရှိတယ်လို့ သိရပြီး စစ်ကောင်စီက လက်ပံချောင်းရွာဘက်ကို ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် နတ်မြောင်းရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်‌နွေးနွေးလှိုင် အပါအဝင် အသက် ၄၀ ကျော်အရွယ် ဒေါ်ဥမ္မာဝင်းနဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်ကြင်စိန်တို့ဟာ ပေါင်၊ လက်၊ ခြေထောက်၊ တင်ပါး၊ လည်ပင်း စတဲ့နေရာတွေမှာ လက်နက်ကြီး ထိမှန်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ စစ်ကောင်စီကြောင့် အရပ်သား ၆,၁၀၆ ယောက် သေဆုံးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013