Home
မြန်မာသတင်း
ဖလမ်းရှိ စစ်သုံ့ပန်းများ နေရာဗုံးကြဲခံရပြီး ၈ ဦး သေဆုံး၊ တောင်သာ၌ စစ်တပ်က ဗုံးကြဲသဖြင့် ၁ ဦးသေဆုံး
DVB
·
January 6, 2025

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရလို့ လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ကနေ သိရပါတယ်။

ဇန်နဝါရီ ၄ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ ခွန်းလုံရွာက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ နေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်သုံ့ပန်း ၇ ယောက်နဲ့ စခန်းစောင့်တဲ့ CNDF တပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့တယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာပေါ့လေ၊ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းတဲ့ ကျနော်တို့ CNDF က ရဲတယောက်ရယ်၊ စစ်သုံ့ပန်း ၇ ယောက်ရယ် ဆုံးပါတယ်။ စစ်သုံ့ပန်းထဲကပဲ ဒဏ်ရာရတဲ့သူလည်း ၄ ယောက်လောက် ရှိပါတယ်။ စစ်ကောင်စီတပ် အချင်းချင်းကြဲတဲ့ သဘောပါပဲ။”

နိုဝင်ဘာ ၁၂ ရက် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းတွေကနေ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်း ၄၅ ယောက်ထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ယောက် သေဆုံးသွားခဲ့တာပါ။

ဖလမ်းမြို့ကို ချင်းညီနောင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်ကတည်းကစတင်ကာ ချင်းညီနောင် အော်ပရေးရှင်းအဖြစ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာပါ။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာလည်း ရွှေစည်ကြီးကျေးရွာကို ဇန်နဝါရီ ၅ ရက် မနက် ၄ နာရီ ကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ဒေသခံတယောက်က “လေယာဥ်ပုံစံကို တခါမှ မမြင်ဖူးပါဘူး။ အခုကြဲချခဲ့တာက နေရာ ၃‌ နေရာကို ဗုံးသီးက ၁၂ လုံး ကြဲချသွားတာ။ အဲလိုကြဲချလို့ ကျနော်တို့ အမဝမ်းကွဲ မမြင့်သန်း ၅၀ နှစ် ဦးခေါင်းကြေမွဒဏ်ရာနဲ့ ပွဲချင်းပြီး နေရာမှာ သေဆုံးရတယ်ဗျ၊၊ နောက်ပြီး အသက် ၁၂ နှစ်ခန့် ကလေးငယ်တဦးကတော့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်ဗျ။ နွား ၂ ကောင်သေ၊ ၂ ကောင် ဒဏ်ရာရတယ်။ ကျန်တဲ့ ဗုံးသီးကြဲချတဲ့ နေရာ ၂ နေရာက‌တော့ ရွာရဲ့တောင်ဘက်က တောထဲကျသွားလို့ ပြည်သူထိခိုက်မှုမရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေကလည်း မြင်းခြံမြို့ တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၅) ကနေ  ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးမီးလောင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013