မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက်သေဆုံး၊ ၃၀ လောက် ဒဏ်ရာရပြီး လူနေအိမ်နဲ့ တခြားအဆောက်အဦတွေလည်း ပျက်စီးကုန်တယ်လို့ သိရပါတယ်။
သပိတ်ကျင်းတိုက်နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက “ချောင်းကြီးရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး အကြဲခံလိုက်ရတယ်။ ပြည်သူ ၂ ယောက်ဆုံးတယ်။ ၂၇ ယောက်ထက်မနည်း ဒဏ်ရာရတယ်။ အဲဒီအထဲက ၁၁ ယောက်က စိုးရိမ်ရတဲ့သူတွေပါ။ ၁၆ ယောက်ကတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့အတွက် ချောင်းကြီးကျေးရွာထဲက လူနေအိမ် ၂၃ လုံး၊ မီးသတ်ရုံး၊ ဘာသာရေး အဆောက်အဦ၊ လူမှုကယ်ဆယ်ရေးရုံးနဲ့ ကူညီကယ်ဆယ်ရေးမော်တော်ယာဉ် ၅ စီး ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
သပိတ်ကျင်းတိုက်နယ် ပကဖ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်လင်းယုန် က “တိုက်ပွဲဖြစ်တာ လုံးဝမရှိပါဘူး။ စစ်ကို စစ်လိုမတိုက်ရဲတော့တဲ့ ဖက်ဆစ်မိစ္ဆာတပ်က မြို့ရွာတွေထဲ လေယာဉ်နဲ့ ဗုံးလိုက်ကြဲချနေတာပါ။ အခု သေဆုံး ဒဏ်ရာရတဲ့သူတွေအားလုံး အရပ်သားပြည်သူတွေပါ။ ပြည်သူတွေ သတိရှိကြပါ” လို့ DVB ကိုပြောပါတယ်။
သပိတ်ကျင်းမြို့နယ်အစွန် စဉ့်ကူးမြို့နယ်နဲ့ဆက်စပ်နေတဲ့ ချောင်းကြီးကျေးရွာဟာ ရွှေတူးဖော်တာနဲ့ ဆက်စပ်တဲ့လုပ်ငန်း အများအပြားရှိတာကြောင့် အနယ်နယ်အရပ်ရပ်ကနေလာရောက် အလုပ်လုပ်ကိုင်ကြသူတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က ချောင်းကြီးကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တရစပ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။