ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆင်စခန်းခေါ် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လေကြောင်းကနေ ပေါင် ၂၀၀ ဗုံးနဲ့ ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၄၀ အရွယ်အမျိုးသမီးတယောက်က နေရာမှာပဲ ချက်ချင်းသေဆုံးခဲ့ရပြီး ကျန်သူတွေက ဆေးကုသမှုခံယူရင်းကနေ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Jobs For Kayah တာဝန်ရှိသူက “စိုးရိမ်ရတဲ့သူတွေရှိတယ်။ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့သူတွေထဲက ၁ နှစ်ကျော်ကလေးငယ်နဲ့ အဒေါ်တယောက် ကုသမှုခံယူရင်း ထပ်ပြီးသေဆုံးခဲ့ရတယ်။ ကုသမှုခံယူနေတဲ့ ကျောင်းသူတယောက်လည်း စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်။ သူတို့ (စစ်ကောင်စီတပ်) က လုပ်နေကြပဲ၊ တမင်လာလာကြဲတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေပြီး စစ်ဘေးရှောင်ပြည်သူတွေက လေယာဉ်သံကြားတာနဲ့ ကြောက်လန့်နေရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းတနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်မှုရှိမရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။