ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ရဲ့ ဌာနချုပ်တည်ရှိရာနေရာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLO က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မနက် ၁၁ နာရီလောက်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဌာနချုပ်ထဲက ပြည်သူတွေကို ဆေးနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
PNLO က ပြန်ကြားရေးတာဝန်ရှိသူ ကိုခွန်ရိန်းယံက “အကြောင်းရင်းမရှိဘဲနဲ့ စစ်ကောင်စီက ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ ကျနော်တို့ရှိတဲ့နေရာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ထိုးစစ်ဆင်နေတာပါ။”
ဆေးခန်းပျက်စီးမှုအခြေအနေကို သိရပြီး ပြည်သူနဲ့ PNLOက ရဲဘော်တို့ ထိခိုက်မှုရှိမရှိ နဲ့ ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုးကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်က PNLO ထိန်းချူပ်နယ်မြေဖြစ်တဲ့ ပွန်ချောင်းတံတားကို လေကြောင်းကနေ ၃ ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပအိုဝ်းပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်တာ၊ ကျေးရွာသူကြီးကိုဖမ်းဆီးပြီးငွေနဲ့ ပြန်ရွေးခိုင်းတာအပြင် ထီးစဲခါးဆရာတော်စီးနင်းလိုက်ပါလာတဲ့ကားကို ပစ်ခတ်တာတွေကိုလည်း ပြုလုပ်ခဲ့ ပါတယ်။