ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲလမ်းဖွင့်ထားတယ်ဆိုပြီး စစ်ခေါင်းဆောင်က ကရင်နှစ်သစ်ကူးနေ့မှာ သဝဏ်လွှာပို့ခဲ့ပြီး အဲဒီနေ့မှာပဲ ကရင်ပြည်နယ်ကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ ဒူသထူးခရိုင်(သထုံခရိုင်)အတွင်းက ယိုးကလား၊ ထီးဖဒိုထာကြားနဲ့ မူတြော်ခရိုင်(ဖာပွန်)ရှိ နိုဖောထီးကျေးရွာတွေမှာ ပြုလုပ်နေတဲ့ ကရင်နှစ်သစ်ကူးနေ့ပွဲ အခမ်းအနား ကျင်းပနေတဲ့နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ KNU က ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ဒီလုပ်ရပ်ဟာ စစ်ခေါင်းဆောင်အနေနဲ့ ကရင်လူမျိုးတွေ နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ကရင်လူမျိုးတွေကို သေကျေပျက်စီးအောင်လုပ်တဲ့ လုပ်ရပ်ဖြစ်လို့ ရှုတ်ချတယ်လို့ KNU က ဆိုပါတယ်။
စစ်ခေါင်းဆောင်ပေးပို့တဲ့ ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာတော့ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ဖို့ အမြဲ လက်ကမ်းကြိုဆိုနေပြီး တံခါးဖွင့်ထားတယ်လို့ ဆိုထားတာပါ။
စစ်ခေါင်းဆောင်က အခုလိုပြောခဲ့ပေမဲ့ ဖြစ်ပေါ်နေတဲ့ လုပ်ရပ်တွေဟာ စစ်ဘောင်အတွင်း ထားရာနေ စေရာသွား ခိုင်းတာဖြစ်တဲ့သဘော ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေမှာ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်း၊ ငြိမ်းချမ်းစေချင်ကြောင်း မကြာခဏ ထုတ်ပြောလေ့ရှိပေမဲ့ လက်တွေ့မှာတော့ အာဏာသိမ်းကာလတလျှောက်မှာ တိုင်းရင်းသားဒေသတွေကို လေကြောင်းတိုက်ခိုက်တာတွေနဲ့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၈၀ ဝန်းကျင် ရှိခဲ့သလို စစ်ပြေးတိမ်းရှောင်ရသူပေါင်း ၄ သိန်းကျော်အထိ ရှိတယ်လို့ KHRG ရဲ့ ၂၀၂၃ ခုနှစ်အထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။