မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လင့်စဉ်ကုန်းရွာ(ခ)လင့်ကုန်းရွာကို ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁ နှစ်ခွဲအရွယ်က လေးငယ်တယောက်အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးပြီး ဘုန်းတော်ကြီး ၂ ပါးနဲ့ ကလေးငယ်တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို ဥဒိန်ရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
လင့်ကုန်းရွာသားတယောက်က “ဘဝတွေက လုံခြုံမှုကို မရှိတော့ဘူး။ ဒီစစ်တပ်က တိုက်ပွဲရှိလည်းပစ်၊ တိုက်ပွဲမရှိလည်း ပစ်နေတာ။ မနေ့ကတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ပစ်ခတ်တာ။ ပစ်တာက လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာဗျ။ တလုံးက ဘုန်းတော်ကြီးကျောင်းထဲ တလုံးကျ ပေါက်ကွဲတယ်။ နောက်ထပ်တလုံးက ဘုန်းတော်ကြီး ကျောင်းအပြင်ကို တလုံးကျ ပေါက်ကွဲတယ်။ ဘုန်းတော်ကြီး ကျောင်းထဲကျပြီး ပေါက်ကွဲခဲ့တာက ဒေါ်ပုစိန် အသက် ၄၀ ကျော် နေရာတင် သေဆုံးပြီး အသက် ၆၀ ကျော်နဲ့ အသက် ၅၀ ကျော်အရွယ် ဘုန်းတော်ကြီး ၂ ပါး ပြင်ထန်ဒဏ်ရာ ရရှိခဲ့တယ်ဗျ။ နောက်ထပ်တလုံးက ပြည်သူနေအိမ်ပေါ်တလုံးကျပြီးတော့ ကိုမျိုးမျိုးမင်း အသက် ၄၀ ကျော်၊ မောင်မျိုးဇာနည်သွေး အသက် ၁ နှစ်ခွဲ ၂ ယောက်သေတယ်။ နောက်ပြီး မြတ်ဆုသင်ဇာကျော် အသက် ၁၀ နှစ် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်တပ်က လက်နက်ကြီးတွေနဲ့ နေစဉ်လိုလို ပစ်ခတ်နေတာကြောင့် မတ္တရာဒေသခံ ရွာသားတွေဟာ နေရပ်ပြောင်းရွှေ့တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မတ္တရာဒေသခံတယောက်က “စစ်တပ်ရန်ကို ကြောက်လို့ PDF စိုးမိုးနယ်မြေဖြစ်တဲ့ နီးစပ်ရာ ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်တွေစီ ပြောင်းရွှေ့တွေက ပြောင်းရွှေ့နေကြတယ်။ အခုလည်း လင့်ကုန်းရွာက ပြည်တွေကတော့ မနေ့ကဖြစ်စဉ်ကိုကြည့်ပြီး ကြောက်လန့်ကာ နေရပ်ကနေ ထွက်ပြေးသူက ထွက်ပြေးနေကြပါတယ်။ ကျနော်တို့ အမြင်ကတော့ ပြည်သူကို အကြောက်တရားဖြစ်အောင် ဒီစစ်တပ်က လုပ်နေတာ။ ပြည်သူလား၊ PDF လားဆိုတာကိုတော့ သဲသဲကွဲကွဲ ခွဲခြားပြီးမှ ပစ်ခတ်စေချင်ပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီ ၂၀ မိနစ်လောက်ကလည်း တိုက်ပွဲမဖြစ်ပွားဘဲ မတ္တရာမြိုနယ် ထန်းတောကုန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တာတွေ ရှိခဲ့တယ်လို သိရပါတယ်။