Home
မြန်မာသတင်း
မြစ်ခြေမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးနေရ
DVB
·
December 31, 2024
Photo : မြို့ခံတဦး

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ထဲကို ဒီဇင်ဘာ  ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်လာလို့ ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီးထွက်ပြေးနေကြရ ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကမ္မဘက်ကနေလာတဲ့ စစ်ကြောင်းက အခု မြစ်ခြေနယ်ထဲ ဝင်လာတာ။ စစ်ကြောင်းက ၃ ကြောင်းလောက်ခွဲထိုးနေတယ်။ စစ်ကြောင်းဝင်တဲ့ရွာတွေကတော့ ၅၀ နီးပါးရှိမယ်ဗျ။ တချို့ရွာတွေကတော့ စစ်ကြောင်းဝင်လာသံကြားတာနဲ့ ထွက်ပြေးကြတယ် ပေါ့ဗျာ။ သူတို့စစ်ကြောင်းထိုးတဲ့ရွာတွေထဲမှာ ပျူရွာတွေလည်းပါတယ်။ ပျူတွေလည်း ထွက်ပြေးကြတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အတွက် ကမ္မ-မြစ်ခြေ လမ်းတလျောက်က ကျေးရွာတွေဖြစ်တဲ့ ကံပေါက်စု၊ ဗျင်းရွာ၊ ရေကြည်၊ မြေနီတွင်း၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို၊ တိုးချဲ့ ၁၂၃၊ ကြက်လျှာ၊ ဆွဲကြီး‌၊ သရက်တော၊ ရေချို၊ အိုင်ရှည်ကျေးရွာတွေက ဒေသခံပြည်သူတွေအပါအဝင် အောင်သာရွာပျူစောထီးစခန်းအနီးက ရွာတွေဖြစ်ကြတဲ့ ရှားတော၊ အင်းဝိုင်း၊ ထန်းတောချောက်၊ ထန်းတောချောက် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

ABSDF Column 3 ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က “အဲ့ဒိစစ်ကြောင်းက ရေလာလေးပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပြီး နောက်ရက်ကတည်းက ထွက်လာတာ။ အခုစစ်ကြောင်းမှာတော့ တပ်မ ၁၀၁ စစ်သားတွေနဲ့ ပျူအင်အား ၁၇၀ ဝန်းကျင်လောက်ပါတယ်ဗျ။ သူတို့စစ်ကြောင်းက ပခုက္ကူကနေထွက်လာပြီးတော့ အောင်သာရွာရောက်တယ်။ အဲ့ဒိ အောင်သာရွာကနေမှ ညောင်ဂျစ်ပင်ကိုဝင်ပြီး ကမ္မမြို့ပေါ်ကို ရောက်လာကြပြီး အဲ့ဒိကနေ မြစ်ခြေဘက်ကို လှည့်ပတ်မွှေနေတာ။ ရေလာလေးကိုအသိမ်းခံရလို့ နယ်မြေရှင်းလင်းရေး ဝင်တာလည်းဖြစ်နိုင်သလို သူတို့ရဲ့စစ်ရေးအခြေအနေက ဘယ်လိုရှိနေသလည်းတော့ မသိဘူးပေါ့” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကျည်ဟာ အင်း၀ိုင်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၉ နှစ်အရွယ် ကိုသူရဌေး သေဆုံးသွား​ခဲ့ပါတယ်။

စစ်ကြောင်းထိုးရာလမ်းတလျှောက်က ကျေးရွာတွေမှာရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းလုယက်တာတွေအပြင် မီးရှို့ဖျက်ဆီးနေတယ်လိုု့ ဆိုပါပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့က ကမ္မမြို့နယ်ထဲက ရေလာလေးပျူစောထိးစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းပိုက်ရရှိထား ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013