မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ NUG ထိန်းချုပ်နယ်မြေ ဇဟောရွာမှာ ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီခွဲလောက်က အခြေခံပညာအထက်တန်းကျောင်းရဲ့ နှစ်ထပ် စာသင်ကျောင်းဆောင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇဟောရွာသားက“မီးက ၁၁ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက်အတွင်းမှာကို မီးတောက်အားကြီးပြီး ကျောင်းဆောင် တခုလုံးလောင်ကျွမ်းသွားတဲ့အတွက် ည ၂ နာရီခွဲလောက်မှ ရွာသူရွာသားတွေက မီးကိုငြှိမ်းသတ်နိုင်ခဲ့တာ”လို့ ပြောပါတယ်။
အဆိုပါ ကျောင်းဆောင်မီးလောင်မှုဟာ သမားရိုးကျ မီးလောင်တာမျိုးမဟုတ်ဘဲ အုပ်စုလိုက် ဓာတ်ဆီလောင်းပြီး မီးရှို့တာကြောင့် အချိန်တိုအတွင်း မီးတောက်အားကြီးပြီး မီးကိုထိန်းမရတဲ့အခြေနေအထိ လောင်ကျွမ်းသွားခဲ့တာလို့ ဇဟောရွာနဲ့နီးစပ်တဲ့ စိုင်ဒူးရွာသားက ပြောပါတယ်။
လက်ရှိမှာ အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး ကျေးရွာ ပကဖတာဝန်ရှိသူတွေကတော့ သဲလွန်စရှာပြီး စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ဒေသခံတွေကို ပြောထားတဲ့အကြောင်း ရွာသားတွေက ပြောပါတယ်။
ဇဟောရွာစာသင်ကျောင်း မီးလောင်မှုနဲ့ပတ်သက်ပြီး ဂန့်ဂေါမြို့နယ်ပအဖတာဝန်ခံနဲ့ ပကဖတာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အဆိုပါ ဇဟောကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာလည်း ဖြစ်ပါတယ်။
Photo: ယောအလင်းတန်း