ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ လက်ဖတ်ရည်ဆိုင်ထိုင်နေတဲ့ လူငယ် ၅ ယောက် အပါအဝင် ၅ ရက်အတွင်း လူငယ် ၇ ယောက်အထိ စစ်ကောင်စီတပ် ပေါ်တာဆွဲခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ ၅ ရက်အတွင်း မအူပင်မြို့၊ ၁၂ ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ် ၅ ယောက် အပါအဝင် လူငယ် ၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတချို့က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
မအူပင်မြို့ခံတယောက်က “အဖမ်းခံရတဲ့ လူငယ်တွေက ပုံမှန် လက်ဖက်ရည်ဆိုင် ထိုင်နေကြသူတွေ၊ ဘယ်လိုကြောင့် ဖမ်းတယ်ဆိုတာ မသိဘူး။ စစ်မှုထမ်းတပ်သား လိုအပ်ချက်ကြောင့်ထင်တယ်။ ကမ်းနားလမ်းက ၂ ယောက်နဲ့ ၁၂ ရပ်ကွက်က ၅ ယောက်။ စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်ထဲလာပြီး ဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ပေါ်တာဆွဲခံရတဲ့ လူငယ် ၇ ယောက်ဟာ အသက် ၂၀ ကျော် အရွယ်တွေဖြစ်ပြီး အဖမ်းမခံနိုင်ကြောင်း ပြောတဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က လမ်းပေါ်မှာပဲ ရိုက်နှက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “လောလောဆယ် အဖမ်းခံရတဲ့သူတွေအားလုံး မအူပင် ခလရ ၂၇ တပ်ထဲမှာလို့ သိရတယ်။ ဘာလို့ဖမ်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး လူငယ်အယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ချောင်းအရိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ အမျိုးသား အယောက် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ် ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းမကျေးရွာက မောင်လင်းထက်အောင် ဆိုသူဟာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုကြောင့် စက်တင်ဘာ ၁၉ ရက် ညပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။