၁၂ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားတဲ့ လူငယ်တွေကို ရန်ကုန်အဝင် ဇီးရိုးမိုင်ဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေဆီက သိရပါတယ်။
အရင်က အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ဖြစ်ရာဒေသက ရွှေ့ပြောင်းလာသူတွေကိုပဲ စစ်ဆေးမေးမြန်းတာရှိပေမဲ့ အခုနောက်ပိုင်း ရန်ကုန်သားတွေကိုပါ ခေါ်ယူစစ်ဆေးတာတွေ ရှိလာတာလို့ ဆိုပါတယ်။
ခရီးမကြာခဏသွားလေ့ရှိသူတယောက်က “ကားပေါ်က ၁၂ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ထားတဲ့ လူငယ် ၄ ယောက်ကို ခေါ်သွားပြီး အကြာကြီးပဲ စစ်ဆေးမေးမြန်းတာတွေ လုပ်တာတွေ့တယ်။ လူငယ်တွေဆိုတော့ PDF သင်တန်းဆင်းပြီး ရန်ကုန် ပြန်ဝင်တဲ့သူတွေလို့ ထင်ပုံရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ဆေးရေးဂိတ်မှာ ဒီရက်ပိုင်းအတွင်း စစ်ဆေးတာ ပိုကျပ်နေပြီး အဝေးပြေးကားတွေ ရန်ကုန်ဝင်ချိန်မှာ ၃၊ ၄ နာရီလောက်အထိ စောင့်ဆိုင်းရလေ့ရှိတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ အင်းတကော်ဂိတ်မှာလည်း ဒီရက်ပိုင်းအတွင်း ရန်ကုန်အဝင် စစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
အဲဒီဂိတ်က ဖြတ်လာတဲ့ ကိုယ်ပိုင်ယာဥ်မောင်းတယောက်က “မိသားစုလိုက် ကျိုက်ထီးရိုးဘုရားက ပြန်လာတာ။ အသွားက ပြဿနာမရှိဘူး။ အပြန်ကျတော့ ရန်ကုန်အဝင်မှာ စစ်တယ်။ ကားမှန်ချမမောင်းလို့ ဆိုပြီးလည်း ရစ်တယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်ရေးအခြေအနေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီက စစ်မီးကူးစက်မှုမရှိအောင် လုံခြုံရေး အလေးထားလာတဲ့သဘော ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။