လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်နေတဲ့အတွက် နေ့စဉ် တိုက်ပွဲဖြစ်နေတယ်လို့ TNLA ထံက သိရပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့အတွက် တောင်ခမ်းကတဆင့် စစ်ကူတွေပို့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တောင်ခမ်း အမြောက်တပ်တွေအနီးမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေပြီး အုမ္မတီး၊ ဂန့်ကော်ကျေးရွာဘက်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ TNLA သတင်းအရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲကတော့ လနဲ့ချီနေပြီ။ စစ်ကြောင်းထိုးလာလိုက် တိုက်ပွဲဖြစ်လိုက်၊ စစ်ကူပို့လိုက် တိုက်ပွဲဖြစ်လိုက်နဲ့ပဲ။ ကျနော်တို့ဘက်ကလည်း မဟာမိတ်တွေနဲ့အတူ အကောင်းဆုံး ခုခံထားနိုင်ပါတယ်။”
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးက အမြှောက်တပ်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တွေဟာ ဩဂုတ်လကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဘက်က အထိအခိုက်တွေ များသလို TNLA ဘက်ကလည်း အထိအခိုက်တွေရှိတယ်လို့ TNLA သတင်းအရင်းမြစ်က ဆိုပါတယ်။
တောင်ခမ်းမှာဆိုရင် စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ် ၉၀၂၊ အမြောက်တပ် ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချတပ်စွဲထားတာဖြစ်ပြီး အဲဒီထဲက အမြောက်တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီက စစ်ကူအင်အားအများအပြား ဖြည့်တင်းပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေ တောက်လျှောက်ပေးခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတာလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တောင်ခမ်းကို ရှမ်းပြည်နယ်တောင်ပိုင်းကတဆင့် စစ်ကူပေးပို့နေတာဖြစ်ပြီး တောင်ခမ်းက အမြောက်တပ်တွေက တပ်မိသားစုတွေကိုလည်း ကြိုတင်ရွှေ့ပြောင်းကာ ခုခံနေတာကြောင့် လက်ရှိအချိန်အထိ ဆက်လက်ထိန်းထားနိုင်တာလို့ TNLA က ဆိုပါတယ်။
နောင်ချိုမြို့ကို TNLA က ဇူလိုင် ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပြီး လက်ရှိမှာ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ကာ ပုံမှန်အတိုင်း လည်ပတ်နေပြီလို့ သိရပါတယ်။