Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ ရဲဘော် ၁ ဦး သတ်ဖြတ်ခံရ
DVB
·
December 29, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကင်းစမ်းရွာနားမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ရပ်ကျေးလုံခြုံရေးရဲဘော်တယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့က စီပါရွာအထိ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်‌နေ့မှာ စီပါရွာကနေ ကင်းစမ်းရွာဘက် ထွက်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။

ကင်းစမ်းရွာဒေသခံတယောက်က “စစ်တပ်က ကျနော်တို့ ဒေသခံစစ်ဘေးရှောင်တွေနေတဲ့ တောတဲတွေကို မီးစရှို့ရာကနေ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ ကျနော်တို့ ဒေသခံတွေကတော့  ရွာထဲပြန်မဝင်ရဲသေးဘူးဗျ။ တိုက်ပွဲ ဖြစ်တဲ့အသံပဲ ကြားရတယ်။ နှစ်ဖက်အကျဆုံးတော့ အတိအကျ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ နမခ ကနေ ဒီဇင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး ဘုတလင်မြို့နယ်တောင်ပိုင်းကကျေးရွာတွေကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ ကူတော်ရွာက နယ်မြေခံရဲစခန်းကို ရောက်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “တိုက်ပွဲက ခဏဖြစ်လိုက်တာပါ။ သူတို့ ရှေ့ကင်းထွက်လာတာကို ကျနော်တို့ဘက်က ဖြတ်တိုက်တာပါ။ စစ်ဘေးရှောင်ပြည်သူ‌တွေရဲ့ တောတဲများကို မီးရှို့ရာကနေ တိုက်ပွဲကစဖြစ်တာပါ။ တိုက်ပွဲအတွင်း(-)တွေဘက်ကလည်း ထိခိုက်သေဆုံးတာရှိနိုင်သလို ကျနော်တို့ဘက်ကလည်း ရပ်ကျေးအဆင့်ရှိတဲ့ ရဲဘော်တဦးလည်း ကျဆုံးခဲ့ပါတယ်ဗျ။ ရဲဘော်အမည်က ရှမ်းဘုတ်ပါ။ အသက်က ၂၀ နှစ်ပါဗျ။ သူတို့က အရှင်ဖမ်းပြီး သတ်ဖြတ်ထားခဲ့တာဗျ။ အဲဒီလိုသတ်ဖြတ်ပြီး  အလောင်းပေါ်ကို ဆိုင်ကယ်တင်ပြီး  မီးရှို့တာတွေလည်း ပြုလုပ်သွားကြတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်းက အရပ်သားပြည်သူ ၂၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးခဲ့သေးတယ်လို့လည်းသိရပြီး အောက်တိုဘာ ၆ ရက်နေ့ကလည်း စီပါရွာက အရပ်သား ၆ ယောက်ကို ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့သလို ပြည်သူနေအိမ် ၃ဝ၀ ကျော်ကို မီးရှို့သွားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013