ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီဇင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ACDF Asho ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေ က “အမ်း နပခ တိုက်ပွဲထဲကနေ ထွက်ပြေးလာကြတဲ့ စကစ တပ်ဖွဲ့ဝင်တွေကို အမ်း-ပဒါန်း လမ်းမနားက ပျဉ်းဝစစ်ဆေးရေးဂိတ်ရဲ့ အနောက်ဘက် မီတာ ၁၅၀၀ ကျော်မှာ ပိတ်ဆို့ပြီးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အလင်းဝင်ရောက်လာကြသူတွေအပြင် ဖမ်းဆီးရမိသူတွေ ရှိသလို ထွက်ပြေး လွတ်မြောက်သွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ACDF ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဆလိုင်းရိုးချင် က “ထွက်ပြေးလာကြတဲ့ စစ်သားတွေက စစ်ကြောင်း ၂ ကြောင်းကို အင်အား ၉၀ လောက်ပါတယ်။ ပျဉ်းဝစစ်ဆေးရေးဂိတ်နားမှာ ဆီးပြီးဖမ်းတော့ အသာတကြည်ပဲ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့သူတွေ ရှိသလို လက်နက်ချ အဖမ်းခံသူတွေလည်း ရှိတယ်ပေါ့။ စစ်ကြောင်းပျက်ပြီး ထွက်ပြေးသွားကြတဲ့ သူတွေလည်းရှိတယ်။ အဲဒါကြောင့် အလင်းဝင်တဲ့သူတွေ၊ လက်နက်ချတဲ့သူတွေ၊ ဖမ်းမိတဲ့သူတွေကို သေချာစိစစ်နေဆဲမို့လို့ရယ်။ နယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်နေဆဲမို့ရယ် အတိအကျတော့ မရသေးဘူးဗျ” လို့ DVB ကိုပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်အတွင်း အမ်းမြို့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ထပ်မံဖမ်းဆီးရမိသူ ၁၇ ယောက်ရှိပြီး ထွက်ပြေး လွတ်မြောက်နေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေသလို အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ် လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း အမ်းမြို့တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာကြတဲ့ ဗိုလ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေကိုလည်း ACDF က ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် နေထိုင် စားသောက်ရေးကအစ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဒေသအသီးသီးမှာရှိကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အနိုင်အထက်ပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံ မတိုက်ခိုက်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ပြီး ပြည်သူတွေနဲ့အတူ ရှင်သန်ရပ်တည်ကြဖို့လည်း ACDF က တိုက်တွန်းထားပါတယ်။