ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့က မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကပါ။ တိုက်ပွဲတွေအတွင်း ထွက်ပြေးလာကြရင်း ဆောမြို့နယ်ထဲက ရေရှည်ရွာနားမှာ ဖမ်းမိခဲ့တာပါဗျ။ စကစတပ်သား ၈ ယောက်နဲ့ ကျန်တာတွေကတော့ သူတို့ရဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ အားလုံး ၁၂ ယောက်ပါ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ဒုတပ်ကြပ် သန့်ဇင်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်း၊ တပ်ကြပ် ဆန်းဦး၊ တပ်သား ခိုင်မင်းအောင်၊ တပ်သား ဝင်းနိုင်စိုး၊ တပ်သား ကျော်ဇင်လတ်၊ တပ်သား ဇော်မျိုးလှိုင်၊ တပ်သားလီဂျေ တို့အပါအဝင် သူတို့ရဲ့မိသားစုဝင်တွေဖြစ်ကြတဲ့ မစန္ဒာဝင်း၊ မောင်ဇော်မျိုးထက်၊ မောင်ထက်နေဝင်းနဲ့ မောင်သန့်ဇင်ထူး တို့ဖြစ်ကြပြီး ဒီဇင်ဘာ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။
ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) ရဲ့ ယာယီဗျူဟာမှူး သခင်ဇော် က “သူတို့ကို ပထမနေ့မှာ ၁၀ ယောက်၊ ဒုတိယနေ့မှာ ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ လက်နက်တွေ ဘာတွေတော့ ပါမလာကြဘူး။ တခြားအသုံးအဆောင်လေးတွေတော့ သိမ်းဆည်းရမိတာ ရှိပါတယ်။ အခု လောလောဆယ်မှာ သူတို့ကို ကျနော်တို့ဆီမှာပဲ ထိန်းသိမ်းထားပြီးတော့ အရေးယူ ဆောင်ရွက်မယ့်အပိုင်းကို ခရိုင်ကွပ်ကဲရေးရဲ့အစီအမံနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ကျောက်ထု-ဆော-လောင်းရှည်လမ်းပိုင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတဲ့အတွက် မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေအတွင်း ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ တောလမ်းတွေကနေ ထွက်ပြေးနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ကန်ပက်လက်မြို့ပေါ်ကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံ ၂၀၀ နီးပါးဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဆောမြို့ပေါ်က ဦးဖိုးလှိုင် ခန်းမမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက် ပူးပေါင်းခဲ့ကြပါသေးတယ်။
ချင်းညီနောင်အဖွဲ့တွေဟာ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၇၄ တပ်ရင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ လက်အောက်ခံတွေဟာ မကွေးတိုင်းအတွင်းက ကျောက်ထုမြို့နယ်ဘက်ကို ထွက်ပြေးသွားကြသူတွေလည်း ရှိကြတယ်လို့ ဒေသခံ ပကဖတွေဆီကနေ သိရပေမယ့် DVB အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) တပ်ရင်းဟာ ဂန့်ဂေါခရိုင်အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတို့ စုပေါင်းဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။