ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်တွေကို စစ်ကောင်စီက ဒီဇင်ဘာ တတိယအပတ်မှာ ဖမ်းဆီးနှင်ထုတ်နေတယ်လို့ ရေကြည်မြို့နယ်မှာ နေထိုင်သူတွေထံက သိရပါတယ်။
ရေကြည်မြို့နယ်မှာ နေထိုင်သူတယောက်က “စစ်ကောင်စီက စစ်ရှောင်တွေကို မနေဖို့ဆိုပြီး နှင်ထုတ်၊ စစ်ရှောင် လူငယ်၊ လူကြီးတွေကို မသင်္ကာလို့ဆိုပြီး ဖမ်းတာတွေရှိတယ်၊ ဖမ်းဆီးတာတွေကို အမြောက်တပ်-၃၄၄ ထဲဖမ်းထားတယ်” လို့ DVB ကို ပြောပါတယ်။
ရေကြည်မြို့နယ်၊ မြောက်စမ်းရွာရောက်ရှိနေတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ၁၀ ယောက်ကျော်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေကြည်မြို့ခံတယောက်က “သူတို့ ရခိုင်စစ်ရှောင်တွေကို အမြောက်တပ်နဲ့ ရဲစခန်းမှာ ဖမ်းထားတယ် ကြားတယ်။ ရခိုင်စစ်ရှောင်တွေကို ငါးသိုင်းချောင်း၊ ပုသိမ်မြို့နယ် ကမ်းခြေရွာတွေမှာ မနေထိုင်ဖို့ စစ်ကောင်စီက ဖိအားပေး ဖယ်ရှားခိုင်းတာတွေလည်း လုပ်နေတယ်” လို့ ပြောပါတယ်။
ဂွမြို့နယ်စစ်ရှောင်တွေက ပုသိမ်မြို့နယ်နဲ့ ရေကြည်မြို့နယ်က ကျေးရွာတွေမှာ လာရောက်စစ်ရှောင်နေထိုင်ကြပါတယ်။
ငါးသိုင်းချောင်းမှာ နေထိုင်သူတယောက်က “အခု မြို့ပေါ်စစ်ရှောင်တွေဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံတောင်းတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်။ စစ်ရှောင်တွေ ဒီဇင်ဘာ နောက်ဆုံးအပတ်မှာ ဖယ်ရှားပေးဖို့ လုပ်တာတွေရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငါးသိုင်းချောင်းမြို့မှာ ခံစစ်ပြင်ဆင်ထားပြီး ဒီဇင်ဘာ ၂၃ ရက်မှာ အမြောက်တွေနဲ့ ရိုးမထဲ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။