Home
မြန်မာသတင်း
ဂွမြို့နှင့် ခမရ ၅၆၃ ကို AA သိမ်းပိုက်၊ ခမရ ၅၆၂ ကို ဆက်လက်ထိုးစစ်ဆင်နေ
DVB
·
December 24, 2024

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ မြို့အခြေစိုက် ခမရ ၅၆၃ တပ်ရင်းတွေကို  ဒီဇင်ဘာ ၂၂ ရက် ညနေခင်းမှာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ကျန် ခမရ ၅၆၂ ကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများအပြားကိုလည်း ဖမ်းဆီးရမိထားတာရှိပြီး လက်နက်မချတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခမရ ၅၆၂ တပ်ရင်းကို ဆုတ်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက် “ကျနော်တို့ သိထားရတာက ဂွမြို့နဲ့ ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်ထားပြီး သိရတယ်။ လက်ရှိမှာတော့ ခမရ ၅၆၂ တပ်ရင်းအတွင်းပိုင်းအထိ ထိုးဖောက်သွားပြီလို့ သိရတယ်။ ခမရ ၅၆၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကိုလည်း ဖမ်းဆီးရမိထားတယ်လို့လည်း သိထားရတယ်။ AA အနေနဲ့ ၂၀၂၄ ခုနှစ်မကုန်ခင်မှာ ဂွကို အပြတ်ဖြတ်ဖို့ ရည်ရွယ်ထားပုံရတယ်" လို့ပြောပါတယ်။

ဂွမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၅၆၂ နဲ့ ၅၆၃ တပ်ရင်းတွေ အခြေစိုက်ထားတာဖြစ်ပြီး အဲဒီတပ်ရင်း ၂ ခုလုံးကို အောက်တိုဘာလကတည်းက စကခ-၅ လက်အောက်ကနေ အနောက်တိုင်းစစ်ဌာနချုပ်လက်အောက်ကို လွှဲပြောင်းထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဂွတိုက်ပွဲမှာ လေကြောင်းပစ်ကူနဲ့ ရေကြောင်းပစ်ကူကို အဓိကယူပြီး ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်က ဂွမြို့နယ် အလယ်ရွာနဲ့ ခမရ ၅၆၃ အနီးက အိမ်တွေကို လေကြောင်းတိုက်ခိုက်နေတာကြောင့် လူနေအိမ်တွေ မီးလောင်ခဲ့ရတယ်လို့  ဒီဇင်ဘာ ၂၁ ရက်မှာ ​AA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဖရိုဖရဲနဲ့ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးနေကြတာတွေရှိပြီး သူတို့ကို လိုက်လံရှင်းလင်းနေတယ်လို့ AA က ပြောထားပါတယ်။

အာရက္ခတပ်တော်ဟာ ဧရာဝတီတိုင်းဘက်ကလာတဲ့ ဂွ-ငါးသိုင်းချောင်း လမ်းပိုင်းကို ထိန်းချုပ်ထားပြီးတော့ စစ်ကောင်စီတပ်တွေ  စစ်ကူပို့မရအောင် ဖြတ်တောက်ထားပါတယ်။

အာရက္ခတပ်တော်ဟာ ဂွမြို့နယ်ကို သြဂုတ်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်မှာ  မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ  မြို့နယ်တခုလုံးရဲ့ ၉၇ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီလို့လည်း သိရပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခု၊ နပခဌာနချုပ်နဲ့ တပ်မ ၃ ခုအထိသိမ်းပိုက်ထားပြီးလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024