ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က ကျည်တတောင့်မကုန်ဘဲ သိမ်းပိုက်လိုက်နိုင်တယ်လို့ ချင်းညီနောင်ဆီက သိရပါတယ်။
ကန်ပက်လက်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ကန်ပက်လက်မြို့ကို ကျည်တတောင့်မကုန်ဘဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ဝင် မင်းတပ်ပအဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က DVB ကို ပြောပါတယ်။
“ကျနော်တို့ ကန်ပက်လက်ကို တိုက်ဖို့ ပြင်ဆင်တာတော့ကြာပြီ။ ဒီဇင်ဘာ ၂၁ ရက်ညမှာ ဝင်တိုက်ဖို့ လုပ်နေတုန်းမှာ စကစတွေ စွန့်ခွာထွက်ပြေးသွားတာပါ။ ပြေးသွားတဲ့ စကစတွေနောက်လိုက်နေပါတယ်။ မကြာခင် တရားဝင် ထုတ်ပြန်ဖို့ ရှိပါတယ်။”
ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က စပြီး ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်လိုက်ပြီလို့ကြေညာခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထွက်ပြေးသွားတာကြောင့် ကျည်မကုန်ဘဲ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။
ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ် များများစားစားမရှိဘဲ စစ်တပ်နဲ့ ရဲပူးပေါင်းတပ်ဖွဲ့တခုသာရှိပြီး တပ်ရင်းဌာနချုပ်တွေ မရှိဘူးလို့လည်း သိရပါတယ်။
ချင်းညီနောင်တပ်ဖွဲ့တွေအနေနဲ့ မတူပီမြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပါတယ်။