ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲကာလအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူခံခဲ့ရတဲ့ အမှုတွေကို ဖော်ထုတ်စုံစမ်းပြီး ပိုင်ရှင်အမှန်တွေရဲ့ လက်ထဲကို အပ်နှံခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲကာလအတွင်း မြို့ကိုမသိမ်းခင်နဲ့ သိမ်းပြီးစကာလတွေမှာ သူခိုးတွေဟာ အခွင့်ကောင်းယူပြီး ပြည်သူပိုင်အိုးအိမ်တွေကို ဖျက်ဆီးတာတွေ၊ ခိုးယူတာတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ တိုင်တန်းချက်တွေအရ အဲဒီသူခိုးတွေနဲ့ ခိုးရာပါပစ္စည်း လက်ခံသူတွေကို AA က ဖမ်းဆီးစစ်ဆေးပြီးမှ ပစ္စည်းပျောက်ဆုံးသွားသူတွေရဲ့ ပိုင်ရှင်အမှန်လက်ထဲကို နိုဝင်ဘာ ၃၀ မှာ အပ်နှံခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာ ပြည်သူပိုင် အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တဲ့ သူခိုးအများစုဟာ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ စစ်သင်တန်းဆင်း ရိုဟင်ဂျာတွေ၊ ARSA၊ RSO၊ ARA နဲ့ ဆက်စပ်သူတွေဖြစ်ပြီး သူတို့ တရားနည်းကျ စစ်ဆေးပြီး အပြစ်ပေး အရေးယူထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် AA လက်ထဲမှာ ကျန်ရှိနေသေးတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ပိုင်ရှင်အစစ်အမှန်လက်ထဲကို ရောက်ရှိနိုင်ရေးအတွက် လုံခြုံရေးအာမခံချက်ရှိတဲ့ နေ့ရက်တွေမှာ ဆက်လက်အပ်နှံပေးသွားမယ်လို့လည်း ဆက်ပြောထားပါတယ်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က မေ ၁၈ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီနဲ့အတူ စစ်သင်တန်းဆင်း ရိုဟင်ဂျာတွေ၊ ARSA၊ RSO၊ ARA အဖွဲ့တို့ဟာ AA ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲကာလတွေမှာ မြို့နယ်အသီးသီးက ပြည်သူတွေရဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရမှု ရှိသလို ရွှေ၊ ငွေတွေနဲ့ အိမ်သုံးပစ္စည်းတွေကအစ ခိုးယူခံရမှုတွေ ရှိနေကြပြီး အဲဒီလို ခိုးယူမှုတွေနဲ့ပတ်သက်လို့ မြေပြင်မှာ အာရက္ခတပ်တော်နဲ့ အုပ်ချုပ်ရေးဘက်မှာ ပါဝင်သူတချို့ကို ပြည်သူတွေရဲ့ ဝေဖန်မှုတွေ၊ တိုင်တန်းမှုတွေ ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော်ကလည်း စစ်စည်းကမ်းကို ချိုးဖောက်ပြီး လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်တဲ့ အကျင့်ပျက် တပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။