Home
မြန်မာသတင်း
ဟုမ္မလင်းက စစ်ကောင်စီနှင့် SNA တပ်စခန်းကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
December 1, 2024
Photo - KIA, KPDF, PDF
Photo - KIA, KPDF, PDF

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်း ၁ ခုကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊  ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကိုင်းနဲ့ ကချင်အစပ် ဟုမ္မလင်းနယ်ထဲက ပါဟုတ်ရွာနားမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီ SNA တပ်ဖွဲ့တွေပေါင်းထားတဲ့ တောင်ယာမော်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တာပါ” လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ တောင်ယာမော်တပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ အပြီးသတ် သိမ်းပိုက် ရရှိခဲ့တာလို့လည်း ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတို့ဘက်က သုံ့ပန်းတွေ အရှင်ဖမ်းမိထားတာရှိတယ်။ ၁၀ ယောက်အထက်မှာရှိမယ်။ လက်နက်ခဲယမ်း တချို့လည်း ရထားတယ်။ အတိအကျပြောလို့မရသေးလို့။ ဒီမြို့နယ်ဝန်းကျင်က သူတို့ စကစနဲ့ ရှမ်းနီတွေရဲ့ တပ်စခန်းအများစုကိုတော့ သိမ်းယူနိုင်ပြီ။ တိုက်ပွဲတွေက ပြင်းထန်နေသလို ဆက်ပြီးတော့လည်း ပြင်းထန်လာမယ့်အနေအထားရှိတယ်။ ဒီလောက်ပဲပြောလို့ရဦးမယ်နော်” လို့ DVB ကိုပြောပါတယ်။

KIA ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ထွက်ပြေးသွားကြသူတွေဟာ ဟုမ္မလင်းမြို့ပေါ်က တပ်စခန်းတွေမှာတပ်စွဲနေတာကြောင့် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ဟုမ္မလင်းမြို့ကို ဝန်းရံပိတ်ဆို့ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ဟုမ္မလင်းမြို့ရဲ့တဘက်ကမ်း ဆယ်ဇင်းကျေးရွာက စစ်‌ကောင်စီတပ်နဲ့ ရှမ်းနီပူးပေါင်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းယူခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013