မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
နတ်မောက်မြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်စစ်ကြောင်းက အဲဒီနေ့မနက် ၉ နာရီလောက်မှာ ဖက်တောရေရွာကအိမ်တွေကို မီးရှို့သွားကြလို့ အိမ် ၁၁ လုံး မီးလောင်ပျက်စီးသွားတယ်ဗျ။ ရွာသားတွေကိုလည်း ဖမ်းထားတယ်” လို့ ပြောပါတယ်။
နတ်မောက်ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါး ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ နီးပါးဟာ ဖက်တောရေကျေးရွာကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဝင်ရောက်လာပြီး နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ ရွာက လူနေအိမ်တွေကို မီးရှို့သွားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
နတ်မောက်မြို့နယ်ပကဖရဲ့တာဝန်ခံ ကိုအဆိပ်သီးက “သူတို့စစ်ကြောင်းက နတ်မောက်က လာတာဆိုတော့ အဲဒီစစ်ကြောင်းထဲမှာ နတ်မောက်၊ မကွေး၊ တောင်တွင်းကြီးတွေဘက်က ပါမယ်။ စုပေါင်းအင်အား ၁၀၀ လောက်က ကံသာရွာဘက်ကို ၄၀ လောက်နဲ့ ဖက်တောရေရွာဘက်ကို ၆၀ လောက်ခွဲပြီး စစ်ကြောင်း ၂ ကြောင်းထိုးတာဗျ။ ဖက်တောရေရွာမှာ တညအိပ်ပြီးတော့မှ နောက်နေ့မနက်ပိုင်းမှာ ရွာအရှေ့ပိုင်းကအိမ်တွေကိုမီးရှို့ကြတာ။ မီးရှို့ခံရတဲ့အိမ်တွေထဲမှာ လက်ရှိရွာသားတချို့နေနေတဲ့အိမ်တွေပါတယ်။ မီးရှို့ပြီးတော့ အဲဒီစစ်ကြောင်းက ကံသာရွာဘက်ကို သွားပေါင်းကြတာရှိတယ်။ ကံသာရွာနဲ့ ဖက်တောရေရွာကြားမှာလည်း ကင်းပုန်းဝပ်နေကြပြီးတော့ ရွာသား ၈ ယောက်ဖမ်းသွားတယ်။ အမျိုးသမီး ၁ ယောက်ကတော့ ပြန်လွတ်လာပါပြီ” လို့ DVB ကို ပြောပါတယ်။
ကံသာရွာဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သွားပေါင်းတဲ့ အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ ဖက်တောရေကျေးရွာကိုပြန်လည်ဝင်ရောက်တပ်စွဲနေကြပြန်တယ်လို့ သူကဆက်ပြောပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ဖက်တောရေကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာနေပြည်သူအများစုဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတာ ၂ နှစ်နီးပါး ရှိနေပြီလို့လည်း နတ်မောက်မြို့နယ်က စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေဆီကနေ သိရပါတယ်။
Photo: နတ်မောက်မြို့နယ်ပကဖ