ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မြို့တွင်း မြို့ပြင်က စစ်ကောင်စီတပ်စခန်းတွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသလို Y-8 လေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တက္ကသိုလ်၊ ၄ မိုင်ပတ်ဝန်းကျင်နဲ့ စကခ ၂၁ ပတ်ဝန်းကျင်တွေမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ နေ့စဉ် လာရောက်ချပေးနေတယ်လို့ နောင်ခိုရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။
“ဒီဇင်ဘာ ၁၇ ဆိုရင် လေယာဉ်နဲ့ ည ၈ နာရီကနေ ၉ ခွဲလောက်အချိန်အထိ လေယာဉ်က ပတ်ပြီးပျံနေတာ၊ ပျံပြီး ဆက်တိုက်လာကြဲနေတယ်၊ အလုံး ၅၀ အထက်ပဲ။ နေ့ဘက်ဆိုရင် လေယာဉ်နဲ့ ပြန်ပြီး ပစ္စည်းတွေချပေးတယ်၊ ခဏ ခဏပဲ၊ တခါလာရင် အထုပ်တွေ အများကြီး။”
ဒီဇင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ စကခ ၂၁ ပတ်ဝန်းကျင်နဲ့ နမ့်ဖားတက္ကသိုလ် ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ မြေပြင်တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့မှာ ကျန်ရှိနေသေးတဲ့ ပြည်သူတွေ နေ့စဉ် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ရွှေကျီးနာ ရပ်ကွက်ကနေ ထွက်လာတဲ့ ဒေသခံတယောက်ဆီကနေ သိရတယ်။
စစ်ကောင်စီဘက်က ပြည်သူတွေရှိနေတဲ့ စကခ ၂၁ အနီးက မင်းလှရပ်ကွက်ကိုလည်း ဒီဇင်ဘာ ၁၆ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“မင်းလှက ဆွမ်းချက်ဆောင်မှာ စစ်တပ်(စကစ)က ဗုံးချလို့ ၂ ယောက်သေတယ်။ ၆ ယောက်လောက် ထိခိုက်တယ်။ ပြည်သူတွေရှိနေတဲ့နေရာကို သိသိနဲ့ လာချသွားတာ။ ၂ ယောက်တော့ ဆုံးသွားပြီး ကျန်တဲ့သူတွေလည်း ဒဏ်ရာပြင်းထန်တဲ့သူတွေကော ပါတယ်။’’
ဗန်းမော်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ ပြည်သူတွေက နေအိမ်စောင့်ဖို့ ကျန်ခဲ့တဲ့ ပြည်သူတွေနဲ့ ဗန်းမော်နဲ့ မံစီကနေ တိမ်းရှောင်နေထိုင်တဲ့ ပြည်သူတွေဖြစ်ပြီး ထပ်မံတိမ်းရှောင်ဖို့ ခက်ခဲတဲ့ ပြည်သူတွေလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ပေါ် ၃ ရပ်ကွက်က နေအိမ်တွေ မီးလောင်ပျက်စီးသွားပါတယ်။
ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ ဗန်းမော် အဝင် ဖန်းခါးကုန် ခလရ (၄၇) တပ်စခန်း၊ ဧရာဝတီမြစ်ဘေးက စကခ (၂၁)၊ ဗန်းမော်နဲ့ မိုးမောက်ကြားက ထောက်ပို့တပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်နဲ့ သံချပ်ကာ တပ်စခန်းတွေ ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေက ဗန်းမော်မြို့တွင်း စုပေါင်းရုံး၊ မြို့နယ်ရဲစခန်း၊ အလယ်ရပ်က ဘုရားကျောင်းဝင်းတွေ အပြင် နမ့်ဖားတက္ကသိုလ်မှာလည်း အခိုင်အမာ တပ်စွဲထားပါတယ်။