ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ၇ ရပ်ကွက်ကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တစီးဟာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ သံတွဲမြို့၊ အမှတ် ၇ ရပ်ကွက်ကို ဗုံး ၂ လုံး ကြဲချသွားခဲ့တာဖြစ်ပြီး အသက် ၇၀ အရွယ် အမျိုးသမီး တယောက် ဗုံးထိမှန် ဒဏ်ရာရသွားပါတယ်။
သံတွဲဒေသခံ အမျိုးသားတယောက်က “နေ့လယ် ၁၂ နာရီခွဲ နီးပါးမှာ စစ်ကောင်စီက လေကြောင်းကနေ သံတွဲမြို့ အမှတ် ၇ ရပ်ကွက်ကို ဗုံး ၂ လုံး ကြဲသွားတာ။ လူအသေအပျောက်တော့ မရှိဘူး။ အမျိုးသမီးကြီးတဦးလောက်ပဲ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ နေအိမ်တွေကတော့ တော်တော်လေးကို ပျက်စီးသွားတယ်။ စစ်ဘက်ဆိုင်ရာတွေလည်း ဘာမှမရှိဘဲ စစ်ကောင်စီက ဒီအတိုင်းကို လာပြီးဗုံးကြဲသွားတာ”လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားသူမှာ အသက် ၇၀ အရွယ် ဒေါ်ခင်မေရီ ဖြစ်ပြီး နောက်ထပ် အိမ် ၅ ဆောင်ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ သံတွဲမြို့ အပါအဝင် အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
သံတွဲမြို့နယ်ဟာ ရခိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုကို အများဆုံးခံခဲ့ရတဲ့ မြို့နယ်ဖြစ်ပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်အထိ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေပါတယ်။