Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် တောင်ကုတ်ဒေသခံများ နေရပ်မပြန်ရဲသေး 
DVB
·
December 17, 2024

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိပြီးနောက် ဒေသခံတွေက အမြန်ဆုံးနေရပ်ပြန်ချင်နေကြပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ် ကြောက်လန့်ပြီး မပြန်ရဲဘဲ ဖြစ်နေကြပါတယ်။  

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ အပါအဝင် လက်အောက်ခံတပ်ရင်းတွေကို ဒီဇင်ဘာ ၁၄ ရက်နေ့က အာရက္ခတပ်တော်‌ က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သိမ်းပိုက်ပြီး ၂ ရက်အကြာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်အနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်။ 

ဒေသခံတွေဟာ တောင်ကုတ်မြို့ထဲကို ပြန်ချင်ပေမဲ့ စစ်တပ်က အရပ်သား နေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ မြို့ထဲကိုပြန်မယ်ဆိုရင် ဝေဟင်ကိုကြောက်ရတယ်။ ကျနော့်အိမ်နားကိုလည်း လက်နက်ကြီး ကျတယ်ပြောတယ်၊ ကျနော့်အိမ်တောင် ပြာအဖြစ်‌ ရောက်သွားပြီလား မသိသေးဘူး၊ ဖြစ်ဖို့ဘက်က များပါတယ်။ ဆုံးရှုံးမှုတွေကတော့ အများကြီးပဲ၊ မြို့ထဲဝင်ဖို့အတွက်က ဘယ်လိုမှမဖြစ်နိုင်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ အိမ်တွေက မရှိတော့တာ ပိုများတယ်၊ နောက် မြို့ထဲဝင်သွားရင်လည်း ကျီးလန့်စာစားနေရသလို ဘယ်အချိန်လေယာဉ်လာမလဲ၊ ဘယ်အချိန်ဗုံးကြဲမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဝင်သွားရမှာ။ နောက်တခုက ပုံမှန်အတိုင်းအလုပ်တွေ လုပ်ဖို့က အဆင်မပြေနိုင်ဘူး။ နောက် စားနပ်ရိက္ခာပြတ်လပ်မှု၊ ကုန်စည်စီးဆင်းမှု ဒါတွေကအစ၊ နောက်ပြီး စစ်ပွဲမတိုင်ခင်ကာလက တည်းက အလုပ်ပါးနေတာကြောင့် ဝင်ငွေနည်းတယ်၊ နောက်စစ်ရှောင်လာတော့ ရှိတဲ့ငွေကြေးကို သုံးစွဲပြီး လာရတယ် ပြန်ချင်တယ်ဆိုရင်တောင် ပြန်စရိတ်တောင်မရှိတဲ့ အနေအထားပါ။”

စစ်ကောင်စီက ရခိုင်မှာ လက်လွှတ်ဆုံးရှုံးသွားတဲ့ မြို့နယ်တွေရှိ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေကိုပါမကျန် လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါ။

တောင်ကုတ်ဒေသခံတယောက်က “အခက်အခဲတွေက အများကြီးပါပဲ၊ စားဝတ်နေရေး အဆင်မပြေတာတွေ အများကြီးရှိပါတယ်။ တရက်ကို ထမင်းတနပ်စားပြီး ဘဝကို ရှင်သန်နေရတယ်။ လူတိုင်းကတော့ ကိုယ့်အိမ်ကိုယ်ရာကို ပြန်ချင်ကြတာပါပဲ၊ မဖြစ်နိုင်တဲ့ အခြေအနေတခု ရောက်နေတော့ အားတင်းပြီးနေနေကြရတာပဲ၊ အမြန်ဆုံး ပြန်ရလေ ပိုကောင်းလေပဲ။ အာရက္ခတပ်တော် (AA) က လတ်တလော သိမ်းထားတဲ့မြို့နယ်တွေမှာ နေရပ်ပြန်ဖို့ မခိုင်းသေးဘူး၊ ဘာလို့ဆို ခုက နယ်မြေရှင်းလင်းရေး လုပ်နေတာဆိုတော့ နေရပ်ပြန်ဖို့က အတိအကျပြောထားတာ မရှိသေးပါဘူး။ ရခိုင်တပြည်လုံးက မကြာခဏ လေကြောင်းရန်ကို ကြုံနေရတာဆိုတော့ လတ်တလော သိမ်းလို့ရတဲ့မြို့နယ်တွေကို မပြန်နိုင်တဲ့ အခြေအနေပေါ့နော်။ အာရက္ခပြည်သူ့အစိုးရကလည်း အကောင်းဆုံးအခြေအနေတခု ရအောင် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကျနော်တို့ကလည်း အမြန်ဆုံးပြန်ချင်ပါတယ်” လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်နေရတာတွေ အပါအဝင် နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပေမဲ့ သတင်းထုတ်ပြန်ချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။ 

စစ်ကောင်စီရဲ့ လေကြောင်းရန်အပါအဝင် ဒေသခံတွေရဲ့ အသက်အန္တရာယ်ကို ထည့်သွင်းစဉ်းစားပြီး AA က သွားခွင့်မရှိသေးလို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေကို မသွားတာက အကောင်းဆုံးပါလို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013