စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်သွားပေမဲ့ မြို့ပေါ်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပုလဲမြို့ မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့ပြီး တိုက်ပွဲတွေကြောင့် ပုလဲမြို့ပေါ် တောင်ပိုင်းနဲ့ မြောက်ပိုင်း မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ မြို့နဲ့နီးစပ်တဲ့ မြကုန်း၊ အေးကုန်း၊ အလယ်ဘုံ၊ ဇောင်ဂျမ်းကုန်း စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၄ ရွာဝန်းကျင်က ပြည်သူ ၂၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။
တိုက်ပွဲတွေ ငြိမ်သက်သွားတာ တလကျော်ကြာပြီးနောက် ပုလဲမြို့ပေါ်မှာတော့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ အားလုံးပိတ်လိုက်ရပြီး အုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်သွားပြီလို့ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထွန်းက “ယင်းမာပင်ခရိုင် အမှတ် ၁ စစ်ဒေသကွပ်ကဲမှူးက ဦးဆောင်ပြီး MOD အောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ မြို့ပတ်ပတ်လည်ကို ကာထားပြီးတော့ စစ်ကြောင်းမထွက်နိုင်အောင် ဟန့်တားထားတဲ့ အနေအထားပေါ့ ခုချိန်ထိပါပဲ။ သူတို့ ပုလဲမြို့ကို အုပ်ချုပ်ရေးယန္တရား ဖြတ်လိုက်တယ်လို့ သိရပါတယ်။ ထွေအုပ်အပါအဝင် အခြားသော Non CDM အားလုံးကို နမခ မုံရွာကို ခေါ်ဆောင်သွားတဲ့ အခြေအနေတွေ တွေ့ရပါတယ်။ ဒီတလအတွင်းမှာ ခေါက်တုံ့ခေါက်ပြန် သယ်တာတွေရှိတယ်၊ ရဟတ်ယာဉ်နဲ့ သယ်တာပြုတာတွေရှိတယ်၊ ဒီဘက်ကို လက်နက် ရိက္ခာသယ်တာ ပို့တာတွေရှိတယ်” လို့ ပြောပါတယ်။
မန္တလေးဘက်ကနေ မုံရွာမြို့ဘက်ကို ကုန်ပစ္စည်းတင်ပို့တာကို စစ်ကောင်စီက ကန့်သတ်ထားပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း ကြုံနေရတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလဟာ စပါး၊ နှမ်း၊ ပဲတို့ ရိတ်သိမ်းတဲ့ကာလဖြစ်ပြီး ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတဲ့အတွက် သီးနှံ ဧကရာနဲ့ချီ ဆုံးရှံးခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ တာဝန်ခံက “နီးစပ်ရာတွေမှာပဲ ရှောင်ကြရတယ်၊ တချို့ကျတော့လည်း မြို့တွေ တက်ကြရတာပေါ့လေ။ သူတို့တည်းတဲ့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘုန်းကြီးတွေက ကျွေးပေးတယ်၊ အိမ်တွေဆိုရင်လည်း သူတို့တည်းတဲ့ အိမ်တွေကနေ ကျွေးတယ်။ တချို့ကလည်း အခု စစ်ဘေးရှောင်ရင်းနဲ့ ရိတ်လို့ရတဲ့ စပါးခင်းတွေ အငှားလိုက်ရိတ်တာတွေ လိုက်လုပ်ကြတယ်။ အဲ့လိုမှမလုပ်ရင် သူတို့မှာ ဝင်ငွေမရှိတော့ဘူး၊ ကျွေးတဲ့သူက ကျွေးတယ်ဆိုပေမဲ့လည်း အလှူရှင်ရှိမှ၊ တခါတလေ အလှူရှင်မရှိရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားကြရတာပဲ။ စစ်ရှောင်အတွက်ဆိုရင် စောင်တို့၊ အင်္ကျီတို့တောင် ကားသမားတွေက မသယ်ချင်ကြဘူး၊ မုံရွာ-မန္တလေးလမ်းက အတော်ကျပ်တယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းစကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၁.၃ သန်းနီးပါးရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ စာရင်းတွေအရ သိရပါတယ်။
သီရိ