Home
မြန်မာသတင်း
သံတွဲက စစ်ရှောင်ကလေးငယ်များ အရေပြားရောဂါဖြစ်နေ
DVB
·
December 15, 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း စစ်ဘေးရှောင်နေကြတဲ့ ကလေးငယ် ၅၀၀ လောက်ဟာ တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် အရေပြားရောဂါ ဆိုးဆိုးဆိုးဝါးဝါး ဖြစ်နေကြတယ်လို့ သံတွဲမြို့က စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ အသက် ၁ နှစ်ခွဲကနေ ၅ နှစ်အရွယ် ကလေးငယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အရေပြားရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ပိုများလာနေသလို လုံလောက်တဲ့ ဆေးဝါးကုသမှုလည်း မရကြဘူးလို့ စစ်ဘေးရှောင် ကူညီပေးနေသူ တယောက်က ပြောပါတယ်။

“စစ်ဘေးရှောင်စခန်း တော်တော်များများမှာ ကလေးတွေ အရေပြားရောဂါ၊ ယားနာတွေ အဖြစ်များနေပါတယ်။ ပြင်ပအလှူရှင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးပြီး အလှူငွေရရှိတဲ့အပေါ် မူတည်ပြီး သူတို့အတွက် ယားနာပျောက်ဆေးလေးတွေ၊ ကလေးတွေအတွက် လိုအပ်တဲ့ တကိုယ်ရေသုံး ပစ္စည်းတွေ အလှူငွေရတဲ့အပေါ် မူတည်ပြီး မြေပြင်မှာ ဝေငှပေးနေပါတယ်။ အဓိက ကတော့ အလှူငွေပါ။ အလှူငွေရရှိလေ သူတို့အတွက် ကူညီနိုင်မှု ပိုများလေလေပါ။”

ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားပြီး ဆေးဝါးသယ်ယူခွင့်တွေကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့တာပါ။

အခုတော့ စစ်ဘေးရှောင်ဦးရေ များလာတာနဲ့အမျှ ဒေသတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး မလုံလောက်တဲ့ ပြဿနာကိုပါ တပါတည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က “စစ်ဘေးရှောင်စန်းတွေကျတော့ လူတွေက စုနေကြရတာလေ။ ဆပ်ပြာတွေကလည်း ဈေးအရမ်းကြီးတော့ ဝယ်မသုံးနိုင်ကြဘူးလေ။ ဆပ်ပြာတချောင်းကို ၅,၀၀၀ အထိ ပေးဝယ်နေရတယ်။ စားဖို့တောင် မနည်းရုန်းကန်နေရတာ။ အဝတ်အစားတွေကို လျှော်ဖွပ်တဲ့ ဆပ်ပြာတွေကအစ ဈေးကြီးနေတော့ ပုံမှန် မလျှော်ဖွပ်နိုင်ကြဘူးလေ။ တကိုယ်ရေသန့်ရှင်းမှုအ ားနည်းတာပေါ့။ ပြီးရင် အာဟာရချို့တဲ့ကြတယ်။ အသားတို့ ငါးတို့ မစားနိုင်ကြဘူးလေ၊ ဗီတာမင်တွေ ချို့တဲ့တယ်ပေါ့” လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်ဘေးရှောင်တွေကို တကိုယ်ရေသန့်ရှင်းရေးကို စနစ်တကျလုပ်နိုင်ဖို့ ဆေးဝါးကျွမ်းကျင်သူတွေက အသိပညာပေးနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၂၆,၀၀၀ လောက်ရှိနေပြီး လက်ရှိမှာ စားဝတ်နေရေး ခက်ခဲနေကြတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသခံယူခွင့် ဆုံးရှုံးနေကြရပြီး တကိုယ်ရေသုံးပစ္စည်းတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024