Home
မြန်မာသတင်း
ဗန်းမော်တိုက်ပွဲ မြို့ထဲအထိရောက်လာသဖြင့် မြို့ခံများစစ်ဘေးရှောင်
DVB
·
December 10, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်ပတ်လည်မှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ  မြို့ထဲထိရောက်လာတာကြောင့် မြို့ခံတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြပါတယ်။

ဗန်းမော်မြို့ထဲက မိုးမောက်စစ်ရှောင်တွေအပြင် အိမ်စောင့်ကျန်ရစ်ခဲ့သူတချို့ပါ စစ်ရှောင်ဖို့ကြိုးစားနေပြီး နေ့တိုင်းမြို့ကနေ ထွက်ခွာလိုသူများပြားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ကထွက်လာတဲ့ ဗန်းမော်မြို့ခံတယောက်က  “အခုမြို့ကတော့ သေတဲ့သူတောင် တော်တော်များနေပြီ။ တချို့ အလောင်းကောက်မယ့်သူ မရှိဘူး။ မြို့ထဲမှာကို ချနေကြတာ။ KIA ကလည်း မြို့ထဲ ရောက်ထားတယ်။ တပ်ကလည်း မြို့ထဲမှာ တချို့နေရာတွေ ထိုင်ထားကြတာပေါ့လေ။ လက်နက်ကြီးကလည်း ခဏခဏကျတာ။ ခန့်မှန်းမရတော့ဘူး။ လူလည်း အသွားအလာ မရှိတော့ဘူးပေါ့ဗျာ။ တချို့က ထွက်နေကြပြီ ဘယ်သူမှ မနေရဲတော့ဘူး။ နေရဲရင် ဘိန်းစားတွေလောက်ပဲ။ ဘယ်အိမ်က ပစ္စည်းယူရမလဲ ဒါပဲစဉ်းစားတော့မှာလေ ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်အထိဆို တိုက်ပွဲစဖြစ်တာ တပတ်အထိကြာမြင့်လာပြီး KIA နဲ့ပူးပေါင်းတပ်တွေက စကခ ၂၁ ကိုဦးတည်တိုက်ခိုက်နေကာ မြို့ပတ်ပတ်လည်မှာလည်း တိုက်ပွဲဆက်ရှိ နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနကတော့ တိုက်ပွဲဖြစ်နေကြောင်း သိရပေမဲ့ စခန်းသိမ်းနိုင်တဲ့ အခြေအနေတွေကို ရှေ့တန်းရဲဘော်တွေက တင်ပြလာတာမရှိသေးဘူးလို့ ပြောပါတယ်။

ဗန်းမော်တိုက်ပွဲအခုလိုပြင်းထန်နေချိန်မှာပဲ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်ဗဟိုအစိုးရက ဖိတ်ခေါ်တာကြောင့် ဘေဂျင်းကိုရောက်ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024