Home
မြန်မာသတင်း
အောင်ချမ်းသာရွာက ထွက်ပြေးလာသည့် စစ်ရှောင်များ ဝမ်းပျက်ဝမ်းလျှော‌နှင့် အရေပြားရောဂါများ ဖြစ်ပွား
DVB
·
December 15, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ် ၂ ခုအစပ်က အောင်ချမ်းသာရွာကနေ ထွက်ပြေးစစ်ဘေးရှောင်လာတဲ့ ပြည်သူတွေ သောက်သုံးရေ မသန့်ရှင်းမှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေက ပြောပါတယ်။

၂၀၀ နီးပါးလောက်ရှိတဲ့ စစ်ဘေးရှောင်တွေဟာ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်က အောင်ချမ်းသာရွာက ပြည်သူအများစု ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်များဟာ မူးမြစ်ရေကို အဓိကအားထားပြီး သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာ ယင်လုံအိမ်သာ လုံလောက်မှု မရှိတာ၊ လူနေထူထပ်တာတွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကူညီသူတွေက ပြောပါတယ်။

“ကျမတို့ ဒီဇင်ဘာ ၁၄ ရက်က  အောင်ချမ်းသာရွာကနေ ထွက်ပြေးစစ်ရှောင်လာတဲ့ ပြည်သူတွေဆီ ရိက္ခာနဲ့ထောက်ပံ့စရာ အနည်းငယ်ကို သွား‌ရောက်ထောက်ပံ့တဲ့အခါ လူကြီး၊ လူလတ်၊ လူငယ် အရွယ်အကုန်လုံးပဲ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ဖြစ်နေတာကို တွေခဲ့ရတယ်။ အဓိကကျတော့ မူးမြစ်ရေ မသန့်ရှင်းတာပေါ့။ လူတွေလည်း အဲဒီမူးမြစ်ရေကိုပဲ ရေချိုးလိုက်၊ ခပ်လိုက် အဲဒီရေနဲ့ပဲ ချက်စားလိုက် လုပ်နေကြတယ်။ တဖက်မှာလည်း ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကလည်း ဒီမူးမြစ်ရေကိုပဲ သောက်သုံးပြီး ရေထဲကို ဆင်းပြီးတော့ မစင်စွန့်တာတွေ ရေသောက်ဆင်းတာတွေ အဲဒီလိုမျိုးအနေအထားမှာဆိုတော့ ရေကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တယ်လို့ပဲ ပြောရမယ်။ နောက်ပြီးတော့ စစ်ရှောင်တွေမှာ  ယင်လုံအိမ်သာလည်းမရှိတော့ အဲဒီအချက်ကလည်း ဝမ်း‌‌ပျက်ဝမ်းလျှောရောဂါဖြစ်ရတာလို့လည်း ပြောလို့ရတယ်” လို့ ခင်ဦးမြို့နယ် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူ မနှင်းဆီက DVB ကို ပြောပါတယ်။

ဝမ်းပျက်၊ ဝမ်လျှောရောဂါနဲ့ အရေပြားရောဂါဝေဒနာရှင်တွေကို ဆေးကုသရာမှာ ဆေးဝါးလိုအပ်မှုတွေလည်း ရှိနေတယ်လို့  သိရပါတယ်။

အောင်ချမ်းသာ ကျေးရွာနေ ပြည်သူတယောက်က “ကျနော်တို့ စဖြစ်တဲ့အခြေအနေကနေ အခုချိန်ထိ လုံလောက်တဲ့ ဆေးကုသခံယူမှု မရရှိကြဘူး။ ရောဂါဖြစ်ပွားမှုကလည်း တရက်ထက် တရက် ပိုပိုပြီးတိုးနေတယ်။ လက်နက်ကိုင် နှစ်ဖက်ကြားမှာ နေရတာဆိုတာ့ ပုံမှန် မြို့တက်ပြီး ဆေးခန်းပြဖို့ရာလည်း အဆင်မပြေသလို ဆေးရုံ ဆေးခန်းပြဖို့အတွက်လည်း ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေလည်း ရှိ‌နေတယ်ဗျ။ ဆေးဝါးမလုံလောက်မှုတွေကလည်း အဘက်ဘက်က ပိတ်ဆို့ခံထားရတဲ့ အခြေအနေဆိုတော့ ကုန်ဈေးနှုန်းတက်တာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းအရ ရှားပါးနေတာကအစ အကုန်လုံး ကျနော်တို့အတွက် အခက်အခဲတွေပါခင်ဗျ” လို့ ပြောပါတယ်။

အောင်ချမ်းသာရွာကို ကန့်ဘလူမြို့နယ် ကာဘိုးရွာမှာ အထိုင်ချစစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး နေ့စဉ်လိုလို ဗုံးသီးချ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီတပ်ကရော၊ ပြည်သူကာကွယ်ရေးတပ်ကရော ပိတ်ဆို့ထားတဲ့အတွက် ဒေသတွင်း ဆေးဝါးတွေ ပြတ်လပ်လာကာ အဆမတန် ဈေးကြီးပေးဝယ်နေရပြီး ငွေကြေးမတတ်နိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဆေးကုသခံယူခွင့်တွေ ဆုံးရှုံးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024