တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတယောက်အား သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘ ၁၃ ရက် မနက် ၈ နာရီအချိန်လောက်မှာ အင်းဇောက်ရွာကို ရောက်လာတဲ့ စစ်ကောာင်စီစစ်ကြောင်းက ဆိုင်ကယ်မောင်းနှင်းလာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ်ကို လမ်းမှာပစ်သတ်ခဲ့ပြီး အလောင်းကို ဒီအတိုင်း ထားသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူ့လမ်းသူသွားတာကို ပစ်လိုက်တာပါ၊ ပစ်သတ်ပြီး ဒီအတိုင်း ထားရက်တယ်၊ သူတို့လာတဲ့အချိန်မှာ လက်နက်ကြီးတွေ လက်နက်ငယ်တွေ ပစ်ပြီးလာတယ် ဆိုတော့ ဆိုင်ကယ်အရှိန်တင်ပြီးသွားတာ ဖြစ်မယ်၊ သူက ချက်ချင်းသေတာ မဟုတ်ဘူး၊ သွေးလွန်ပြီး သေတဲ့ပုံစံပါ။ လူတွေလည်း လာမရဲဘူး၊ ထွက်ပြေးနေကြရတာလေ၊ ရုပ်အလောင်းကို မိသားစုဝင်တွေ ပြန်ရတယ်” လို့ ပြောပါတယ်။
အင်အား ၁၂၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် အစောပိုင်းအချိန်က ထားဝယ်ဘက်ကနေ ကားနဲ့ ထွက်ခွာလာပြီး လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတား အရောက်မှာ ကားနဲ့ဆက်မသွားဘဲ ခြေလျင်စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
အဲဒီနောက် သာယာကုန်းရွာကိုရောက်တဲ့အခါမှာ စစ်ကြောင်း ၂ ခုခွဲပြီးတော့ မင်းရပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံဖြစ်သူဆီက သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်ရှိ မင်းရပ်၊ ပန်းဒလဲ၊ အင်းဇောက် စတဲ့ ရွာတွေက အရပ်သားပြည်သူတွေဟာ ဖမ်းဆီးခံရမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“မင်းရပ်ရွာထိပ်မှာ ကင်းပုန်းဝပ်ပြီးတော့ လမ်းသွားလမ်းလာတွေကို ထွက်ဖမ်းတာ၊ ဖမ်းမိတာ မရှိဘူး၊ ဆိုင်ကယ်တွေထားပြီး ထွက်ပြေးကြတယ်။ အခုတော့ အားလုံးပြေးနေကြတယ်။ ရွာတွေမှာ လူတွေ သိပ်မရှိတော့ဘူး။ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက် ရွာတွေမှာ တိတ်ဆိတ်နေတယ်။”
အခု ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာတော့ စစ်ကြောင်းနှစ်ခုလုံးက ပြန်ဆုတ်ခွာသွားပြီး လောင်းလုံးမြို့ပေါ်နဲ့ ကမြောကင်းရွာဘက်ကို လမ်းကင်းယူပြီးတော့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာ ၁၂ ရက်မှာ လောင်းလုံးမြို့နယ် ကျောက်နီမော် ပျူစောထီးစခန်းရှိရာကို ရေလမ်းကနေ အင်အားဖြည့်တင်းလာသလို့ ခလရ ၁၀၄ တပ်ကိုလည်း အင်အားထပ်ဖြည့်တင်းထားတယ်လို့ ပြန်ကြားရေးတာဝန်ခံဆီကသိရပါတယ်။