တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒေါ့ဆူဟာ ဒီဇင်ဘာ ၁၄ ရက်မှာ အစိုးရအဖွဲ့ ပထမဆုံး အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိအခြေအနေရဲ့ လေးနက်မှုကို အသိအမှတ်ပြုပြီး အမေရိကန်နဲ့ တောင်ကိုရီးယားကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအောက်မှာ ပူးတွဲကာကွယ်ရေး အနေအထားကိုထူထောင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ဆန့်ကျင်တဲ့ စောင့်ကြည့် ထောက်လှမ်းမှုတွေနဲ့ တပ်လှန့်တဲ့ အနေအထားကို ပိုမိုအားကောင်းအောင်လုပ်ဖို့ တပ်မတော်ကို တောင်းဆိုပါတယ်လို့ ဟန်က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ယိုက စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းမှုကို အတိုက်အခံတွေဦးဆောင်တဲ့လွှတ်တော်က ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ခုလို အစည်းအဝေး ခေါ်ခဲ့တာပါ။
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတဟောင်း ယွန်းက ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ဟန်ဒေါ့ဆူဟာ ယာယီ သမ္မတဖြစ်လာပြီး ယွန်းရဲ့ သမ္မတရာထူးအာဏာ ၅ နှစ်သက်တမ်းလည်း တဝက်တပျက် ရပ်ဆိုင်းခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ထိပ်တန်းကာကွယ်ရေးနဲ့ စစ်ဘက်အရာရှိအများအပြား နုတ်ထွက်တာတွေ အဖမ်းခံရတာတွေ ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရချိန်မှာ မြောက်ကိုရီးယား အစိုးရက သူ့ရဲ့ လက်နက်တိုက်ကို တိုးချဲ့ရင်း ရုရှားနဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာနေပါတယ်။
ဒါကြောင့် နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားကို တောင်ကိုရီးယားရဲ့ တားဆီးနိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters