Home
မြန်မာသတင်း
ဆားလင်းကြီး အိုမရွာကို စစ်တပ် မီးရှို့၊ ကလေးမြို့တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲ
DVB
·
December 15, 2024
Photo: Chaw Suu Hann

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အိုမရွာကို စစ်ကောင်စီ မီးရှို့လို့ အိမ် ၂၀ ကျော် မီးလောင်ပြီး ကလေးမြို့မှာလည်း စစ်ကောင်စီရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေ ဒဏ်ရာရခဲ့ကြသလို အိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ အိုမကျေးရွာကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၂၀ ကျော် မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “မနက်စောပိုင်းမှာ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပေါ်က ပလောင်လမ်းခွဲနားမှာ စကစ ရိက္ခာပို့စစ်ကြောင်းနဲ့ ကင်းပုန်းဝပ်နေတဲ့ PDF ရဲဘော်တွေက တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်တပ်က အိုမရွာနဲ့ အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးခဲ့ရင်း အိုမရွာကို ဝင်ပြီးမီးရှို့သွားတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အိုမကျေးရွာအပြင် ထန်းတော၊ ရွှေလှေ၊ ညောင်ပင်ကြီး၊ ရွာရှည်ရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးလို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း သိပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ မချောစုဟန်က “အိုမရွာမှာက အိမ်ခြေ ၆၀ လောက်ရှိတယ်ဗျ။ အဲဒီထဲက အိမ် ၂၅ လုံးလောက် မီးရှို့ခံလိုက်ရတယ်။ ပတ်ဝန်းကျင်ရွာတွေကိုတော့ မီးရှို့ခံရတာ မရှိပါဘူး။ ဒါပေမဲ့ အဲဒီရွာတွေက ဒေသခံတွေလည်း သူတို့စစ်ကြောင်းကြောင့် ထွက်ပြေးနေကြရတာ ၃,၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။ အခုထိတော့ သူတို့ရွာတွေကို မပြန်ရဲကြသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ်ပေါင်ဂိတ်မှာ ပြန်လည်စုစည်းနေပေမဲ့ အနီးအနား ပတ်ဝန်းကျင်က ကျေးရွာတွေကို ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ဗုံးသီးကြဲချတာတွေ ပြုလုပ်နေပြီး မုံရွာအိုးရှင်းဂိတ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ လုံခြုံရေးတာဝန်ယူနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းကတည်းက စီမံကိန်းအနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ပြည်သူတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အခြေအနေ ရှိတာကြောင့် ဆားလင်းကြီး-ညောင်ပင်ကြီး လမ်းပိုင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၈ နာရီကစတင်ပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တယာယီ အကန့်သတ်မရှိ ပိတ်ပင်ထားတယ်လို့လည်း ယင်းမာပင်ရိုင်၊ အမှတ် ၄ တပ်ရင်း ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် စစ်ကောင်စီရဲ့အမြောက်တပ်က ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ကလေးမြို့နယ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေ ဒဏ်ရာရခဲ့ကြသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “၃၆၅ အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ကလေးမြို့ရဲ့အနောက်တောင်ဘက် နယ်မြေ ၈ ထဲက အင်ဒိုင်းကုန်းရွာထဲကို ကျခဲ့တာပါ။ လူနေအိမ်က ၃ လုံး ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့ ပြည်သူက ၄ ယောက်လောက် ရှိပါတယ်။ သူတို့အားလုံးစိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ကလေးမြို့အခြေစိုက် အမှတ် ၃၆၅ အမြောက်တပ်ဟာ ဒီဇင်ဘာ ၁၁ ရက်ကစပြီး ချင်းပြည်နယ်ဘက်ကို ဦးတည်ပြီး မစ်ဇိုင်းတွေ အပါအဝင် လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အဲဒီနေ့က ၇ နာရီကျော် လောက်ကနေ ၁၂ နာရီလောက်အထ် မစ်ဇိုင်းနဲ့လက်နက်ကြီးတွေ အနည်းဆုံး ၅ လုံးပစ်တယ်။ အဲဒီ ၅ လုံးထဲက တတိယမြောက်ပစ်လိုက်တဲ့ ၁ လုံးကျတာပါ။ အခုလည်း ဖလမ်းဘက်ကို ဦးတည်ပြီး တောက်လျှောက်ပစ်နေတာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို အင်တာနက်လိုင်းတွေ ဖြတ်ထားတာကြောင့် သတင်းထုတ်ပြန်ပေးမှုတွေ ကြန့်ကြာနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဖြတ်သန်းသွားရာ လမ်းကြောင်းတွေရဲ့ အောက်မှာရှိကြတဲ့ မြို့တွေနဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့လည်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားတယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024