Home
မြန်မာသတင်း
ဝမ်ပေါင်လုံခြုံရေးစစ်တပ် တိုက်ခိုက်ခံရပြီးနောက် ရွာများကိုမီးရှို့
DVB
·
December 14, 2024
Photo-Chaw Suu Hann
Photo-Chaw Suu Hann
Photo-Chaw Suu Hann
Photo-Chaw Suu Hann

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်ကုမ္ပဏီရဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှပ်ရေးတပ်ဖွဲ့တွေ ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ရွာတွေကိုမီးရှို့သွားပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်ပံတောင်းအရှေ့ဘက်ပလောင်ရွာကို စစ်ကြောင်းထိုးလာရင်း ညောင်ပင်ကြီးရွာနားမှာ မနက် ၇ နာရီခွဲလောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။

တိုက်ပွဲအတွင်းအထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ်ပေါင်ကုမ္ပဏီဝန်းအနီးက အိုမကျေးရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို စီးနင်းဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံထံက သိရပါတယ်။

လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီဝင်တယောက်က “သူတို့တိုက်ခိုက်ခံရပြီး ညနေ ၅ နာရီလောက်မှာ အိုမရွာနဲ့အနီးဝန်းကျင်က ထန်းတော၊ ရွှေလှေ၊ ညောင်ပင်ကြီး၊ ရွာရှည်ရွာတွေကို ဝင်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်။ အဲဒီရွာတွေက ပြည်သူတွေလည်းထွက်ပြေးကုန်ကြပြီ။ ပြည်သူတွေထိခိုက်ဒဏ်ရာရတဲ့သတင်းတော့ ကျနော်တို့ မရသေးဘူးဗျ”လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ လုံခြုံရေးတာဝန်ယူနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စီမံကိန်းအနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ပြည်သူတွေကိုဖမ်ဆီးသွားတာလည်း ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ရွာရှည်ရွာသူတယောက်က “မနက်ခင်းအစောကြီး စစ်ကြောင်းထိုးလာတယ်ကြားတော့ ကျမတို့ ရွာကနေ ထွက်ပြေးရတယ်။ အဲလို ရွာထဲကနေထွက်ပြေးပြီးမကြာဘူး နှစ်ဘက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်တဲ့အသံတွေ  တနာရီလောက်ကြာအောင်ကို ကြားလိုက်ရတယ်။ ဘယ်ဘက်က ဘယ်လောက်ထိတယ်ဆိုတာတော့မသိရဘူး။ ညနေ ၄ နာရီလောက်ကျတော့ ကျမတို့ရွာအနီးက အိုမရွာကို စစ်တပ်က မီးရှို့နေပါတယ်။ ရွာထဲကနေလည်း စစ်တပ်ကမထွက်သေးလို့ မီးလောင်ဆုံးရှုံးတဲ့ အိမ်အလုံးအရေအတွက်လည်း ဘာမှမသိရသေးဘူး”လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွာရာအနားက ညောင်ပင်ကြီး၊ ထန်းတော၊ အိုမ၊ ရွာရှည်၊ ရွှေလှေ စတဲ့ရွာတွေဟာ ကပ်လျက်ရှိတဲ့ ရွာတန်းရှည်ကြီးဖြစ်ပြီး လက်ရှိမှာ အဲဒီဝန်းကျင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ သိရပြီး အိုမရွာကို ညပိုင်းအထိ မီးရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတာကြောင့် ဆားလင်းကြီး-ညောင်ပင်ကြီး လမ်းပိုင်းကို ဒီဇင်ဘာ ၁၃ ရက် မနက် ၈ နာရီကစတင်ပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခွင့်ကိုယာယီ အကန့်သတ်မရှိ ပိတ်ပင်ထားတယ်လို့လည်း ယင်းမာပင်ရိုင်၊ အမှတ် ၄ တပ်ရင်း ကနေ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန် ၉ ရက်ကလည်း ညောင်ပင်ကြီးရွာက နယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ညောင်ပင်ကြီးရွာအပါအဝင် အနီးအနားကရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024